NEWS

ရက်ပေါင်း ၃၆၅ ရက်ပြည့် ကလေးမြို့ပင်မသပိတ်

CoverLogo
784 Views

ရက်ပေါင်း ၃၆၅ ရက်ပြည့်ပြီဖြစ်တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ပင်မသပိတ်ဟာ  စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုတော်လှန်ရေးသပိတ်တွေထဲက ရက်ပေါင်း အကြာဆုံး ပင်မတော်လှန်ရေးသပိတ်တွေထဲက တစ်ခုပါ။

စစ်အာဏာရှင် ကျဆုံးရေးအတွက် တော်လှန်ရေးမဏ္ဍိုင် ၃ ရပ်ဖြစ်တဲ့ CDM ၊လူထုတော်လှန်ရေး သပိတ်နဲ့  PDF တို့ ဟာ ကျရာအခန်းကဏ္ဍကနေ အသီးသီးတော်လှန် တိုက်ပွဲဝင်နေတာကို တွေ့ရပါတယ်။

ဒီကနေ့မှာတော့ ကလေးမြို့ပင်မသပိတ်ရဲ့ ကော်မတီဝင် ကိုဗိုက်ပူကို Myanmar Labour News က ဆက်သွယ်မေးမြန်းထားပါတယ်။

 

ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ရက် ပေါင်း ၃၆၅ ရက်ပြည့် မှာ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေကို ပြောပြပေးပါ။

ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတာကတော့ လက်နက်ကိုင်တော်လှန်ရေးမတိုင်ခင်မှာ ပထမအဆင့်အနေနဲ့လူထုသပိတ်ကို အသက်သွင်းတဲ့အဆင့်ရယ် လူထုသပိတ်နဲ့ တိုက်ပွဲဝင်တဲ့အဆင့်ရယ် လူထုသပိတ်ကို မရရအောင် ထွက်တဲ့အဆင့် ဆိုပြီး ၃ မျိုး ခွဲလို့ရပါတယ်။

ပထမဆုံး လူထုသပိတ်ကို မနှစ်က ဒီလိုအချိန်ဖေဖော်ဝါရီ ၇ ရက် နေ့မှာ ဗိုလ်ချုပ်လမ်းမကြီး ဘေးနားတဝိုက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊  ကလေး မြို့ အခြေစိုက်ကျောင်းသားသမဂ္ဂတွေနဲ့ ကလေးအခြေစိုက် တက်ကြွလှုပ်ရှားသူတွေ အနေနဲ့ လမ်းဘေးကနေ ကလေးပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါလာဖို့ စတင်ကြွေးကြော်စည်းရုံးခဲ့ကြတယ်။

နောက်ပိုင်းမှာ ၈ နာရီကနေ ပြည်သူအင်အားသောင်းဂဏန်းထိပါလာတော့ အဲ့ဒီနေ့က စလို့ တစ်ရက်ပြီးတစ်ရက် လူထုအင်အားက များလာတယ် အဲ့ဒီနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က နေမတ်လ ၂ ရက် သံတံတားထိပ်တိုက်တွေ့မှု အပြီး နောက်နေ့ မတ်လ ၃ ရက်နေ့မှာ ကလေးမြို့ အရှေ့ပိုင်း ဗိုလ်ချုပ်လမ်းမှာ  ဖြိုခွင်းမှုကြောင့် ကိုဇင်မျိုးမောင် ကျဆုံးခဲ့တယ်။

အဲ့ဒီနေ့နောက်ပိုင်းမှာ သပိတ်အနေနဲ့ အသွင်ပြောင်းခဲ့ရတယ်။ မတ်လ ၃ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ လူထုသပိတ်ကို အရှိန်မပျက်အောင် ပြသနိုင်ခဲ့တယ်၊ နောက်ဆုံးတော်လှန်ရေး ခေါ်သံကြောင့် မတ်လ ၂၇ ရက်နေ့ကနေစပြီး ဧပြီ ၇ ရက် နေ့ထိ တာဟန်းသပိတ်တည်ပြီး ရရာ လက်နက် အများအားဖြင့် တူမီးနဲ့ တော်လှန်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ တာဟန်းခံတပ်ပျက်ပြီးနောက်ပိုင်းမှာ ကျေးလက်ဖက်ကို ဦးတည်ပြီး ကျေးလက်လူထုသပိတ်နဲ့ ပူပေါင်းပြီး ဆက်လက်ဆန္ဒပြခဲ့ကြတယ်။

နောက်ပိုင်းမှာ  CRPH အနေနဲ့ ကျွန်တော်တို့  ကလေးမြို့လူထုသပိတ်ထံကို အဆင့်ဆင့် ညွှန်ကြားလာမှုကြောင့် PDF ဖွဲ့ဖို့ ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ မြို့ပေါ်လူထုအင်အား ရသလောက်နဲ့ ပြောက်ကျားသပိတ်ကို ဆင်နွှဲခဲ့ကြပါတယ်။

ကလေးမြို့ ပင်မသပိတ် ရက်ပေါင်း ၃၆၅ ရက် ပြည့်ပြီဆိုတော့ လူထုရဲ့ ပူးပေါင်းမှုကရော ဘယ်လိုရှိပါသလဲ။

တော်လှန်ရေးပေါ်မှာလူထုသပိတ်ဟာ နွေဦးတော်လှန်ရေးရဲ့ အဓိကထောက်တိုင် တွေ ဖြစ်တဲ့  CDM လူထုတော်လှန်ရေး သပိတ်နဲ့  PDF ထဲမှာပါတယ်ဆိုတော့ ဒီထောက်တိုင်အနေနဲ့ မပျက်မကွက်ပါဝင်သွားမယ်ပေါ့နော်။ သစ္စာရှိရှိနဲ့ တော်လှန်ပေးကြတဲ့ လူထုတွေအပေါ် ဂုဏ်ပြုပါတယ်။

လက်ရှိအနေအထားကတော့ ပြည်သူတွေရဲ့ တော်လှန်ရေးအပေါ်ထားတဲ့စိတ်ဓါတ်အပေါ် ကျွန်တော်တို့ ယုံကြည်တယ် လက်ရှိအနေအထား ပြောက်ကျားအနေနဲ့ပေါ့နော် ။ နောက်လာမယ့်အခြေအနေတွေမှာလည်း လူထုသပိတ်ဆိုတဲ့ အခြေအနေနဲ့ အင်အားကို ပြသဖို့ ရှိနေပါတယ်။

အခု တစ်နှစ်ပြည့်ပြီဆိုတော့ ရှေ့ဆက်ပြီး အရှိန်မြှင့်ဖို့ ရှိပါသလား။

လက်ရှိအခြေအနေမှာတော့ ပြောက်ကျားအနေနဲ့ ထွက်ရှိပေမယ့် နောက်ပိုင်းအနေနဲ့ တော်လှန်ရေးရဲ့ခေါ်သံအရှိန်မြင့်လာလေ ပြည်သူ့ကာကွယ်ရေး အုပ်ချုပ်တဲ့ နယ်မြေများလာလေလေ ကျွန်တော်တို့ အနေနဲ့ လူထုသပိတ်မီးစာကို များများမွှေးပြီး လုပ်ကြဖို့ အဆင်သင့်ရှိပါတယ်။

လူထုသပိတ်ရဲ့ အဓိကတောင်းဆိုချက်တွေကဘာတွေလဲ။

လူထုတော်လှန်ရေးသပိတ်ရဲ့ အဓိကတောင်းဆိုချင်တာတွေ က တော်လှန်ရေးနဲ့ အတူပြောင်းလဲသွားတယ်လို့ ပြောလို့ရပါတယ်၊ ပထမဆုံးအနေနဲ့  စစ်အာဏာရှင်ဖြုတ်ချရေး  ဖမ်းဆီးခံနိုင်ငံခေါင်းဆောင်များပြန်လွှတ်ပေးရေးနဲ့ ရွေးကောက်ပွဲရလာဒ်ကို အတည်ပြုရေး နဲ့ ကျွန်တော်တို့စတင်ခဲ့ကြတယ်။

ဒီတော်လှန်ရေးမှာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုကြောင့် တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို သိလာတယ် တိုင်းရင်းသား တွေရဲ့ မျှော်လင့်ချက်တွေကို သိလာတယ် တိုင်းရင်းသားတွေရဲ့ အိမ်မက်တွေကို သိလာတယ် တိုင်းရင်းသားတွေရဲ့ နှစ်ပေါင်း ၇၀ ကျော်ကြာ ဒုက္ခတွေ ခံစားခဲ့ ရတဲ့ ဖြစ်ရပ်ဆိုးတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသား တွေရဲ့ မျက်စိရှေ့မှောက်မှာ ဖြစ်လာကြတဲ့ အခါကျမှ တော်လှန်ရေးရဲ့ လူထုရဲ့ တောင်းဆိုမှုက တစ်တိုင်းပြည်လုံးမှာ လိုအပ်နေတဲ့ ပင်လုံအခြေခံတဲ့ ဖက်ဒရယ်ကို တောင်းဆိုလာတဲ့အထိ လက်ရှိအခြေအနေထိ ဖြစ်လာတယ်လို့ မြင်ပါတယ်။

အများကြီးပေးဆပ်ခဲ့ရတဲ့ တော်လှန်ရေးကို ဘာကြောင့် နောက်မဆုတ်သင့်တာလဲ။

ပထမဆုံး စစ်အာဏာသိမ်းမှုနဲ့ အတူ တစ်တိုင်းပြည်လုံးရဲ့ အနာဂတ်တွေပျောက်ဆုံးခဲ့ ရတယ်။တစ်တိုင်းပြည်လုံးရဲ့ မျှော်မှန်းချက်တွေ ပြည်သူတစ်ယောက်စီတိုင်းရဲ့ ရည်မှန်းချက်တွေ ပျောက်ဆုံးခဲ့ရတယ်။စစ်အာဏာရှင်ရဲ့လူမဆန်တဲ့ လုပ်ရပ်တွေ ကြောင့် ကျွန်တော်တို့ကျောင်းသား ပြည်သူတွေ လမ်းပေါ်မှာ သွေးမြေကျခဲ့ရတယ် အဲ့ဒါတွေ အတွက် ကျွန်တော်တို့ တွေ ပေးဆပ်ဖို့ အချိန်ရောက်ပြီ။ ကျွန်တော်တို့ စိုက်ခဲ့သမျှပြန်ရိတ်သိမ်းဖို့ အချိန်ရောက်ပြီ။

ပြီးရင် ခေတ်အဆက်ဆက်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေ ကျောင်းသားပြည်သူတွေအတွက် ဒီတိုက်ပွဲဟာနောက်ဆုံး အဆုံးသတ်တိုက်ပွဲဆိုပြီး သတ်မှတ်ခံယူ ပြီး ဒီနေ့ဒီအချိန် ၃၆၅ ရက်အထိ မပျက်မကွက် ဆန္ဒပြတောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတာဖြစ်တယ်။

ပြည်သူလူထုကို ဘာပြောချင်ပါသလဲ ။

လူထုသပိတ်ဟာတော်လှန်ရေးရဲ့ အစဖြစ်သလို အဆုံးသတ်မှာလည်း လူထုအားနဲ့ ပဲ အဆုံးသတ်မယ် လူထုအားနဲ့ ကျွန်တော်တို့ရဲ့ ပျောက်ဆုံးခဲ့ရတဲ့ လွတ်လပ်မှု ပျောက်ဆုံးခဲ့ရတဲ့ မျှော်မှန်းတောင့်တကြတဲ့ အစိုးရတစ်ရပ် ၊ နိုင်ငံရေး ရည်မှန်းချက် တွေကို လူထုအားနဲ့ ပြန်လည်သိမ်းပိုက်ဖို့လိုတာကြောင့် လူထုတစ်ရပ်လုံးအနေနဲ့ ဒီတော်လှန်ရေးအပေါ် မမှိတ်မသုန်ရပ်တည်ပေးကြဖို့နဲ့ ဒီတော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ ပြည်သူပဲ ဖြစ်တာမို့ ပြည်သူတစ်ရပ်လုံးအနေနဲ့ ဒီတော်လှန်ရေးအပေါ် မားမားမတ်မတ် ရပ်တည်ပေးကြဖို့ ၊ နောက်ဆုံးအနေနဲ့ ဒီတော်လှန်ရေးမှာ ပြည်သူမှာပြည်သူသာ ရှိတယ်ဆိုတဲ့ စကားအတိုင်း ပြည်သူနဲ့စခဲ့တဲ့ တော်လှန်ရေးဟာ ပြည်သူလူထုအားနဲ့ပဲ ပြန်လည်အောင်ပွဲခံမယ် အောင်ပန်းဆင်ကြမယ် လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


Related posts

Cover
စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန် လူငယ်များကို ဒုတိယအကြိမ်ထပ်မံမဲနှိုက်ခေါ်ယူနေ
Apr 22, 2024
Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
စစ်မှုထမ်းရန်မဲပေါက်သူတွေ ထွက်ပြေးတိမ်းရှောင်သွားလို့ ကျေးရွာတွေထံငွေကြေးအဓမ္မကောက်ခံဟုဆို
Apr 07, 2024
Cover
ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ
Mar 22, 2024
Cover
စစ်မှုထမ်းရန်ဆင့်ခေါ်စာပေးပို့မှုများကြောင့် သားယောက်ျားလေးရှင်မိဘတွေ စိုးရိမ်သောကရောက်နေရ
Mar 15, 2024
Cover
ပေါ်တာဆွဲသည့် သတင်းတွေထွက်ပေါ်နေပြီး အခြေခံပြည်သူတွေအကြားစိုးရိမ်မှုတွေမြင့်တက်နေ
Feb 17, 2024
Cover
ပြည်ပနိုင်ငံများမှ အလုပ်ခေါ်စာလက်ခံမှု ယာယီရပ်ဆိုင်း
Feb 14, 2024
Cover
စက်ရုံလုပ်သားတွေထံက အချက်အလက်များစတင်ကောက်ယူနေ၊ ပြည်သူများစစ်မှုထမ်းရမဲ့ဥပဒေထုတ်ပြန်ချက်ကြောင့် စက်ရုံအလုပ်သမားတွေကြားစိုးရိမ်မှုမြင့်တက်လျှက်ရှိ
Feb 14, 2024