SURVEY

အလုပ်ချိန် ၈ နာရီ အတွင်း လုပ်အားခေါင်းပုံဖြတ်ခြင်း (သို့) အထည်စံချိန် တိုးတောင်းမှု ဇန်နဝါရီ ချိုးဖောက်မှုများ

CoverLogo
180 Views

အလုပ်ချိန် ၈ နာရီ အတွင်း လုပ်အားခေါင်းပုံဖြတ်ခြင်း (သို့) အထည်စံချိန် တိုးတောင်းမှု

(ဇန်နဝါရီ ချိုးဖောက်မှုများ) (No.1 )
မင်းနီကျော်

မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေတွေမှာ တရက် အလုပ်ချိန် ၈ နာရီသတ်မှတ် ထားပါတယ်။ ဒါပေမဲ့ တချို့ အထည်ချုပ် စက်ရုံတွေက အလုပ်သမားတွေကတော့ တခြားအလုပ်သမားတွေနဲ့ မတူဘဲ အလုပ်ချိန် ၈ နာရီ အတွင်း အင်အား နှစ်ဆ စိုက်ထုတ် လုပ်ကိုင်နေရတာ ၃ နှစ်နီးပါး ရှိလာပါပြီ ။

“အာဏာမသိမ်းခင်တုန်းက အခုလိုတွေ စံချိန်တောင်းတာတွေ မရှိဘူး ။ ဘောင်းဘီကို ပုံမှန် ၉၀ လောက်တောင်း တာ ကနေ အခု ၁၅၀ / ၁၆၀ လောက်တောင်းတာ ။ အဲဒီအထည်တွေကို အချိန်ပိုမခေါ်ဘဲ အပြီးချုပ်ခိုင်းတာ။ ညနေ ၄ နာရီ ဆို အပြီးပေး ။ လုပ်အား အမြတ်ထုတ်တာတွေပေါ့။ အော်ဒါတွေကလည်း ဆက်နေတာ ၊ အော်ဒါ တခု ထုတ်ပြီးတာနဲ့ နောက်တခု သွင်းတော့တာပဲ။ ကြာလာတော့ အလုပ်သမားတွေက ပင်ပန်းပြီး မလုပ်နိုင် တော့ဘူး။”အလုပ်သမား တဦးက ပြောပါတယ်။

စက်ရုံတွေမှာ တနာရီအထည်ဘယ်လောက်ပြီးရမယ်ဆိုတဲ့ စံချိန်သတ်မှတ်ပြီး အဲ့လို့ သတ်မှတ်ချက်တိုင်း အလုပ်သမားတွေက ချုပ်လုပ်ပေးရတာ ဖြစ်ပါတယ်။ စက်ရုံဘက်ကတော့ စံချိန်အထည် အရေအတွက် များများ ထွက်မှ များများအကျိုးမြတ်ရမှာ ဖြစ်လို့ စံချိန်ကို အမြဲတိုးတောင်းနေကြတာဖြစ်ပါတယ်။ ဥပဒေအရ အချိန်ပို လုပ်ခကို နှစ်ဆပေးရတာကြောင့်လည်း သာမန်အလုပ်ချိန် ၈ နာရီအတွင်း သတ်မှတ် စံချိန်အတိုင်း အထည်ကို ဖိအားတွေပေး အပြီး ချုပ်ခိုင်းနေကြတာ လို့ သိရပါတယ်။

“ အထည် ၉၀ ဆိုတာ သတ်မှတ်နာရီအတွင်း အပြီးချုပ်၊ အခု ၁၆၀ ဆိုရင်ပဲ သူတို့အတွက် တဆနီးပါး အကျိုး အမြတ် ရနေပြီ၊ အလုပ်သမားတွေကတော့ ထမင်းလည်း ဖြောင့်ဖြောင့်မစားနိုင်၊ အိမ်သာလည်း ဖြောင့်ဖြောင့် မသွားနိုင်၊ ရေတောင် ထမသောက်ပဲ လုပ်ရတယ်။ နောက် အထည်မပြီးလို့ အိုတီ မခေါ်ဘူး ။ ၈ နာရီအတွင်း အပြီးလုပ်ခိုင်းတော့ ကုန်ကျစာရိတ်နည်းအောင်လုပ်တယ်။ နောက် အလုပ်ချိန်နည်းနည်းနဲ့ ပြီးစီးတယ်ဆိုတော့ လုပ်အားခနဲ့ အလုပ်သမားလည်း သက်သာတယ်။ ဒါပေမဲ့ လုပ်အားကိုတော့ ခေါင်းဖြတ်တာဖြစ်လို့ အလုပ်သမား တွေက အများကြီး နစ်နာရတယ်။ နောက်ဆက်တွဲ နစ်နာတာတွေလည်း ရှိသေးတယ်။” လို့ အလုပ်သမားရေး ကူညီနေသူတဦးက ပြောပါတယ်။

အလုပ်ချိန် ၈ နာရီအတွင်း စက်ရုံဘက်ကတောင်းတဲ့ စံချိန်မရပါက ရပိုင်ခွင့် ဖြစ်ထောက်ခံရတာ၊ ဆဲဆိုတာ၊ ဖိအားပေး ခွဲခြားဆက်ဆံတာ၊ အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ အချိန်ပိုခ အလုပ်သမားဘက်က စိုက်ထုတ်ပေးရတာ စတာတွေကြုံတွေရတယ်လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောကြား ပါတယ်။

မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ တချို့ အထည်ချုပ် စက်ရုံတွေက အလုပ်သမားတွေမှာ အလုပ်ချိန် ၈ နာရီ အတွင်း ထုတ်ကုန် နှစ်ဆထွက်အောင် လုပ်ကိုင်နေရသလို သတ်မှတ်စံချိန်မရလို့ ဖြတ်တောက်မှုတွေကြောင့် အလုပ်သမား တွေမှာ  နစ်နာမှုတွေက များပြားပါတယ်။  

ဇန်နဝါရီလအတွင်း အလုပ်သမားတွေ အခွင့်အရေးချိုး ဖောက်ခံရတယ်လို့ လာရောက်ပေးပို့တဲ့  ပေးစာ အပါအဝင် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး စုစုပေါင်း ၄၅ ပုဒ်ကို Myanmar Labour News မှာ ဖော်ပြခဲ့ပါ တယ်။ 

ဖော်ပြထားတဲ့ သတင်းတွေထဲမှာ စက်ရုံသတင်း  ၃၁ ပုဒ်၊ ပေးစာ အဖြစ်ဖော်ပြခဲ့တဲ့ သတင်း ၂ ပုဒ်၊ အင်တာဗျူး ၁ ပုဒ်၊ ပြည်တွင်းအလုပ်သမားသတင်း ၃ ပုဒ်နဲ့ ပြည်ပ ရွှေ့ပြောင်းလုပ်သား သတင်း  ၈ ပုဒ် ဖော်ပြခဲ့ပါတယ်။

ဖော်ပြခဲ့တဲ့ သတင်းတွေထဲမှာ စက်ရုံ ၂၉ ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်တဲ့ သတင်း ၃၃ ပုဒ် ဖော်ပြခဲ့ ပါတယ်။ ဇန်နဝါရီလအတွင်း သတင်းနှစ်ကြိမ်စီ ဖော်ပြခံရတဲ့ စက်ရုံတွေကတော့ Best Choice Myanmar စက်ရုံ၊ BOHUA Fashion စက်ရုံ နဲ့ Wonderful Apparel Co,Ltd စက်ရုံ တွေ ဖြစ်ကြပါတယ်။ (No 2)

ဇန်နဝါရီလထဲမှာ စံချိန်တိုးတောင်းတဲ့ စက်ရုံ ဘယ်လောက်ပါသလဲ

စက်ရုံလုပ်သားတွေက စံချိန်တိုးတောင်းတယ်ဆိုပြီး အလုပ်သမားတွေက ပြောဆိုထားတဲ့ စက်ရုံပေါင်း ၁၀ ရုံရဲ့ သတင်း ၁၁ ပုဒ် ဖော်ပြခဲ့ ပါတယ်။ သတင်းဖော်ပြခဲ့တဲ့ စက်ရုံတွေကတော့ ရွှေလင်ဗန်းစက်မှုဇုန်က Sinsay တံဆိပ်ချုပ် Myanmar Bestex စက်ရုံ၊ CROPPနဲ့ XC တံဆိပ်ချုပ်တဲ့ BOHUA Fashion စက်ရုံ ၊ MOHITO တံဆိပ် ချုပ် New Fubon Co.,Ltd ၊ လှိုင်သာယာ စက်မှုဇုန် ၅ က Sinsay တံဆိပ်ချုပ် E&P Fashion အထည်ချုပ် စက်ရုံ ၊ လှိုင်သာယာမြို့နယ်ထဲက Ladies Fashion တံဆိပ်ချုပ်တဲ့  Hope One Co.,Ltd စက်ရုံ ၊ အနော်ရထာစက်မှုဇုန်က 157.FUNK၊ Vaile Bleue တံဆိပ် တွေချုပ်နေတဲ့ Best Choice Myanmar စက်ရုံ၊ မြောင်းတကာစက်မှုဇုန်က Cooltee၊ ERC၊ ENSORED တံဆိပ်ချုပ်တဲ့ Wonderful Apparel Co,Ltd စက်ရုံ ၊ ရွှေပြည်သာစက်မှုဇုန် ၄ က TULTEX၊ EUNCENTRO တံဆိပ်ချုပ် Lucky Fortune Garment ၊ ရွှေပြည်သာမြို့နယ်က PROMOD၊ CALLIOPE တံဆိပ်ချုပ် Myanmar Luxury Group နဲ့ ထန်းတပင်စက်မှုဇုန်မှာ PADDED COLLECTION တံဆိပ်တွေချုပ်နေတဲ့ San Yuan Oversea (2) Myanmar Apparel  စက်ရုံတွေ ဖြစ်ပါတယ်။

ဒီစက်ရုံထဲမှာ နိုင်ငံတကာအမှတ်တံဆိပ် Sinsay တံဆိပ်ချုပ်နေတဲ့ စက်ရုံနှစ်ရုံ ပါဝင်တာကို တွေ့ရပါတယ်။

စက်ရုံတွေဘက်က စံချိန်တိုးတောင်းပြီး အလုပ်ချိန် ၈ နာရီအတွင်း အပြီးချုပ်ခိုင်းတာ၊  အချိန်ပိုခေါ်ပြီး လုပ်အားခ မပေးတာ၊ ဆန္ဒမပါဘဲ အချိန်ပို ဆင်းပေးရတာ၊ ပိတ်ရက်တွေမှာ အလုပ်ဆင်းဖို့ ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ဆဲဆိုတာ၊ ပယ်ထည်အတွက် ငွေကြေးဖြတ်တာ၊ အချိန်ပိုဆင်းပြီး နေအိမ်အပြန်အတွက် ကြိုပို့ယာဉ် စီစဉ်မပေး တာ၊ အချိန်ပိုမဆင်းပါက ရပိုင်ခွင့်တွေ ဖြတ်တာတွေ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောကြားထား ပါတယ် ။

 

ပိတ်ရက် ရက်စားအတွက် အချိန်ပိုဆင်းပေးရတဲ့ အထည်ချုပ်လုပ်သားတွေ 

“စက်ရုံက မနက် ၈ နာရီစပြီး ညနေ ၄ နာရီအထိပေါ့ ၊ အချိန်ပိုဆိုရင် နေ့လည် ထမင်းစားပြီးချိန် ၁၂ ခွဲကနေ ညနေ ၆ ခွဲအထိ ဆက်တိုက် လုပ်ခိုင်းတယ်၊ အဲ့မှာ နာရီဝက်နားတယ်။ ည ၇ နာရီကနေ မနက် ၄ ခွဲအထိ လုပ်ခိုင်းတယ်။ ညလယ်ပိုင်းမှာ တချက်တော့နားတယ်။ အဲ့လို ဆင်းရတဲ့ အချိန်ပို နှစ်နာရီကို အများပြည်သူရုံးပိတ်ရက်တို့ တခြား စက်ရုံ ပိတ်ရက်တွေအတွက် ဖြတ်ယူတယ်။ အလုပ်ချိန် ၈ နာရီအတွက် ဖြတ်ထား လိုက်တာ။ ဒါက ပိတ်ရက် အတွက်ဆို ပြီးပေါ့ ။ လစာမှာ အချိန်ပို ၈ နာရီစာ ပါမလာဘူး ။ အဲဒီအချိန်ပို တွေကို မဆင်းချင်နေလို့ရတယ် ဆိုပေမဲ့ ။ အဲလို ပြောလို့ တခါမှ မရခဲ့ဘူး။ ဘာလို့လဲ ဆိုပြီး ခေါ်မေးတော့တာပဲ။” လို့ Wonderful Apparel Co,Ltd စက်ရုံတွေ  အလုပ်သမားတဦးက ပြောပါတယ်။

Wonderful Apparel Co,Ltd စက်ရုံအလုပ်သမားတွေ အနေနဲ့ ပြည်ထောင်စုနေ့ ၊လွတ်လပ်ရေးနေ့လို အများ ပြည်သူအလုပ်ပိတ်တွေနဲ့ စက်ရုံ သီးခြားပိတ်ရက်တွေအတွက် အခုလို အချိန်ပိုတွေကို အခကြေးငွေမရဘဲ လုပ်ကိုင်ပေးခဲ့ရတာ ဖြစ်ပါတယ် ။

Myanmar Labour News မှာ အဲဒီ စက်ရုံသတင်း နှစ်ကြိမ်ဖော်ပြခဲ့သလို အကြိမ်တိုင်း အလုပ်သမားအရာရှိတွေ လာရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း နောက်ဆုံး လုပ်ကိုင်ခဲ့တဲ့ အချိန်ပိုလုပ်ခ ပြန်ပေး မယ်ဆိုပြီး စက်ရုံဘက်က ပြောတယ်ဆိုပြီး အလုပ်သမားတွေက ပြောဆိုထားပါ။

ဇန်နဝါရီလထဲမှာ ရက်စားလုပ်ကိုင် ခိုင်းတယ်ဆိုပြီး  အလုပ်သမားတွေ ပြောပြခဲ့တဲ့ စက်ရုံတွေကတော့ BOHUA Fashion စက်ရုံ နဲ့ Wonderful Apparel Co,Ltd စက်ရုံ တွေ ဖြစ်ကြပါတယ်။

 

ဥပဒေပါ အခွင့်အရေးတွေ ချိုးဖောက်ခံနေရဆဲ နေ့စား နှင့် ကလေးအလုပ်သမားတွေ 

ဇန်နဝါရီလမှာ ဖော်ပြထားတဲ့ ချိုးဖောက်မှုတွေထဲမှာ နေ့စားနဲ့ ကလေးအလုပ်သမားတွေကို ခိုင်းစေပြီး ဥပဒေပါ ရပိုင်ခွင့်တွေ မပေးဘူးဆိုတဲ့ စက်ရုံပေါင်း ၁၀ ရုံ ပါဝင်ပါတယ်။ အဲဒီ စက်ရုံတွေကတော့ ဝါးတရာစက်မှုဇုန်က အိပ်ချုပ် စက်ရုံ Myanmar Chaofa Leather Ware Co.,Ltd ၊ Cortefiel ၊ Evenriver တံဆိပ်တွေချုပ်နေတဲ့  Gy sen-1 (Myanmar) Apparel Co.,Ltd၊ ထန်းတပင်မြို့နယ် မှာ Sinsay တံဆိပ်ချုပ်နေတဲ့ Myanmar Sinyoung Fashion စက်ရုံ၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ ziben တံဆိပ်ချုပ် နေတဲ့ Mirae or New Way စက်ရုံ၊ H&M၊ POKEMON တံဆိပ်တွေချုပ်နေတဲ့ Hige Fashion Accessories (Myanmar) Co.,Ltd စက်ရုံ၊  ရွှေသံလွင် စက်မှုဇုန်က Sinsay ချုပ်တဲ့ Myanmar Bestex ၊ မြောင်းတကာ စက်မှုဇုန်မှာ Cooltee၊ ERC၊ ENSORED တံဆိပ်တွေချုပ်နေတဲ့ Wounderful Apparel Co,Ltd ၊ ရွှေပြည်သာမြို့နယ်ထဲမှာ PROMOD၊ CALLIOPE တံဆိပ်တွေချုပ်နေတဲ့  Myanmar Luxury Group  ရွှေပြည်သာစက်မှုဇုန် ၄မှာ TULTEX၊ EUNCENTRO တံဆိပ်ချုပ်တဲ့ Lucky Fortune Garment ၊ မရမ်းကုန်းမြိုန့ယ်ထဲက ကော်စေ့ မိုလောင်းစက်ရုံတွေ ဖြစ်ကြ ပါတယ်။

မြန်မာနိုင်ငံမှာ ပြဌာန်းထားပြီး ကျင်သုံးနေတဲ့ အလုပ်သမားဥပဒေထဲမှာ နေ့စားလုပ်သား၊ ပုတ်ပြတ်လုပ်သား၊ လစားလုပ်သား ဆိုပြီး အမျိုးစားခွဲခြားထားပေမဲ့ အခွင့်အရေးအားလုံးကို အတူပေးထားပါတယ်။ ဒါပေမဲ့လည်း ဥပဒေရဲ့ အားနည်းချက်ကို အသုံးချ၊ လိုသလို ပုံဖော်ပြီး နေ့စားအလုပ်သမားတွေမှာ ဖိနှိပ်ခံနေရဆဲလည်း ဖြစ်ပါ တယ်။

နေ့စားလုပ်သားတွေမှာ အလုပ်ချိန် ၈ နာရီ ထက်ပိုခိုင်းစေခံရပြီး လုပ်ခ အပြည့်မရတာ၊ အချိန်ပိုခ မရတာတွေ ၊ နေ့စားလုပ်သက်ပြည့်ပေမဲ့ အတည်ပြုဝန်ထမ်းမခန့်ဘဲ အခွင့်အရေးဆုံးရှုံးနေရတာ၊ အများပြည်သူ ပိတ်ရက်တွေကို ဖိအားပေး အလုပ်ဆင်းခိုင်းတာနဲ့ အလွယ်တကူ အလုပ် ဖြုတ်ခံရတာတွေကို ရင်ဆိုင်နေရတာပါ။

နေ့စားအလုပ်သမားရဲ့ ဥပဒေပါ အခွင့်အရေးတွေကို ချိုးဖောက်နေတယ်ဆိုတဲ့ စက်ရုံကတော့ Myanmar Sinyoung Fashion စက်ရုံ၊ Gy sen-1 (Myanmar) Apparel Co.,Ltd၊ Mirae or New Way စက်ရုံ၊ Hige Fashion Accessories (Myanmar) Co.,Ltd စက်ရုံ၊ Lucky Fortune Garment စက်ရုံတွေ ဖြစ်ပါတယ်။

နေ့စားအလုပ်သမားတွေထဲမှာ အသက်မပြည်တဲ့ ကလေးလုပ်သားတွေလည်း ပါဝင်နေပြီး နေ့စားလုပ်သားတွေလို အခွင့်အရေး ချိုးဖောက်ခံ နေရပါတယ်။ မြန်မာအလုပ်သမားဥပဒေတွေမှာ အသက် ၁၄ အရွက်မှာ စတင် လုပ်ကိုင် နိုင်ပေမဲ့ ဆရာဝန်ဆေးလက်မှတ်ပြသဖို့ လိုအပ်သလို ၊ အလုပ်ချိန်ကိုလည်း ကန့်သတ်ထားပါတယ်။ လက်ရှိ ကလေးလုပ်သားတွေကတော့ အသက်ပြည့်ပြီး အလုပ်သမားတွေအတိုင်း  အလုပ်နဲ့ အလုပ်ချိန်ကို တန်းတူ လုပ်ကိုင်နေရကာ နေ့စားလုပ်ခ တခုတည်းသာရတာ ရရှိပြီး အချိန်ပိုလုပ်ခလည်း မရကြပါဘူး။

ကလေးလုပ်သားတွေအပေါ် ချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ စက်ရုံတွေကတော့ အိတ်တွေချုပ်လုပ်နေတဲ့ Myanmar Chaofa Leather Ware Co.,Ltd၊ Myanmar Bestex၊ Wounderful Apparel Co,Ltd၊ Lucky Fortune Garment ၊ မရမ်းကုန်းမြို့နယ်ထဲက ကော်စေ့မိုစက်ရုံ တွေ ဖြစ်ပါတယ်။

ဇန်နဝါရီလအတွင်း နေ့စားနဲ့ ကလေးလုပ်သားတွေအပေါ် ချိုးဖောက်မှု အကြိမ်အရေ အတွက် ၁၀ ကြိမ်အထိ ရှိနေပါတယ်။   

 

အကြိမ်းအများဆုံး ချိုးဖောက်သည့် ရပိုင်ခွင့် ငွေကြေး ဖြတ်တောက်မှု

 

ဇန်နဝါရီလအတွင်း အကြိမ်အများဆုံး ဖော်ပြခဲ့တဲ့ ချိုးဖောက်မှုတွေကတော့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့် ငွေကြေးတွေကို စက်ရုံတွေဘက်က ဖြတ်တောက်တာ ဖြစ်ပါတယ်။ သတင်းဖော်ပြခဲ့တဲ့ အရေအတွက် ၂၀ အထိ ရှိခဲ့ပြီး စက်ရုံပေါင်း ၁၇ ရုံ ပါဝင်တာကို တွေ့ရပါတယ်။ အဲဒီ စက်ရုံတွေကတော့ ရွှေသံလွှင်စက်မှုဇုန်မှာ တဆင့်ခံ အထည်တွေချုပ်နေတဲ့  Full Way Myanmar Garment၊ ရွှေပြည်သာစက်မှုဇုန်မှာ တရုတ်အထည်တွေချုပ်နေတဲ့ Diamond Sea Sar Garment၊ အနော်ရထာစက်မှုဇုန်က 157.FUNK၊ Vaile Bleue တံဆိပ်ချုပ်နေတဲ့ Best Choice Myanmar ၊ မင်္ဂလာဒုံ စက်မှုဇုန်မှာ Hang Ten၊ ZARA တံဆိပ်ချုပ်နေတဲ့ Great Glowing Investment Co.,Ltd၊ ဝါးတရာစက်မှုဇုန်က ထုတ်ပိုးစက်ရုံ G-Yuan Packaging Material (Myanmar) ROMAN PETITE ၊ GEMO ၊ Sinsay တံဆိပ်တွေ ချုပ်နေတဲ့ ZYZ Apparel Co.,Ltd စက်ရုံ ၊ ရွှေပြည်သာစက်မှုဇုန် ၄ က အထည်ချုပ် စက်ရုံ Kaixi Myanmar Fashion Co.,Ltd၊ INEXTENSO၊ CORTEFIEL၊ Sinsay စတဲ့ တံဆိပ်တွေချုပ်နေတဲ့ Myanmar Guotai Huasheng Glory Fashion စက်ရုံ၊ ငွေပင်လယ်စက်မှုဇုန်မှာ YAMADATATSU ORIGINAL တံဆိပ်ချုပ်နေတဲ့ Sewell Garment Myanmar စက်ရုံ၊ KIABI၊ TROLLKIDS၊ JACKET တံဆိပ်တွေချုပ်နေတဲ့ မြောင်းတကာစက်မှုဇုန်က Wounderful Apparel Co,Ltd စက်ရုံတွေ အပြင် Myanmar Chaofa Leather Ware Co.,Ltd ၊ Mirae or New Way၊ Myanmar Bestex၊ BOHUA FashionHope One Co.,Ltd၊ Lucky Fortune Garment၊ San Yuan Oversea(2) Myanmar Apparel တို့ဖြစ်ကြပါတယ်။

ဒီစက်ရုံတွေက အချိန်ပိုခိုင်းစေပြီး လုပ်ခမပေးတာ၊ ခွင့်ရက်အတွက် ဒေးကြေး ဖြတ်တာ၊ ခွင့်မပေးဘဲ ရက်ပျက် သတ်မှတ်ပြီး ဒေးကြေးဖြတ်တာ၊ အချိန်ပိုမဆင်းလို့ဆိုပြီး ဒေးကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်တာ ၊ လုပ်ခလစာပေးချေမှု ပုံစံ ပြောင်းလဲတာ၊ ကျွမ်းကျင်ကြေးကို တခြားပုံစံနဲ့ ပေးချေတာတွေ ပြုလုပ်ခဲ့တာကြောင့် အလုပ်သမားတွေနဲ့ နေ့စားအလုပ်သမားတွေ နစ်နာခဲ့ရတာ ဖြစ်ပါတယ်။

 

အကြိမ်အများဆုံး ချိုးဖောက်မှုတွေ

 

ဖေဖော်ဝါလအတွင်း အကြိမ်အများဆုံးချိုးဖောက်မှုတွေကတော့ အလုပ်သမားတွေအတွက် ဥပဒေမှာသတ်မှတ် ပေးထားတဲ့ ခွင့်ကို စက်ရုံဘက်က ခွင့်မပြုတာ၊ ဥပဒေသတ်မှတ်ချက်အတိုင်း အချိန်ပိုခေါ် ယူမှုမလုပ်တာ ၊ လုပ်ငန်းခွင်အတွင်း ဆဲဆိုမှုတွေနဲ့ ဥပဒေမဲ့ အလုပ်ထုတ်တာတွေ ဖြစ်ပါတယ်။  (No 3)

ဥပဒေမဲ့ အလုပ်ထုတ်တယ်ဆိုတဲ့ စက်ရုံ ၁၀ ရုံရှိပြီး လက်ရှိ ဖြေရှင်းနေဆဲ အမှုတွေလည်း ပါဝင်ပါတယ်။

ဒီစက်ရုံ အငြင်းပွားမှု တွေမှာ အဆင့်လိုက်ဖြေရှင်းလို့ရပေမဲ့  အငြှိုးထား တဖက်သတ်စွပ်စွဲပြီး  ရည်ရွယ်ချက် ရှိရှိ အလုပ်ထုတ် ခဲ့ တာဖြစ်လို့ ဥပဒေမဲ့ အလုပ်ထုတ်တာလို့ အလုပ်သမားတွေဘက်က ပြောဆိုပါတယ်။

ဥပဒေမဲ့ အလုပ်ထုတ်ခဲ့တဲ့ စက်ရုံတွေထဲမှာ CALLIOPE  တံဆိပ်ချုပ်တဲ့ ရွှေပြည်သာစက်မှုဇုန် ၁ က Sheng Da Ming Apparel Co.,Ltd စက်ရုံ၊ GLACIER Iusso ၊ HK WORKS LONDON စတဲ့ တံဆိပ်တွေချုပ်နေတဲ့ Sunrise (Myanmar) Fashion နဲ့ မုတိ ဆေးသွင်း ကာလာခွဲလုပ်ငန်းတွေပါဝင်ကြပါတယ် ။

Myanmar Labour News မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ တလတည်းမှာပဲ စက်ရုံတွေရဲ့ အလုပ်သမားတွေပေါ် ချိုးဖောက်မှု  အမျိုးအစား ပေါင်း ၂၀ ဖော်ထုတ် ရရှိထားပါတယ်။ ဒီထဲကမှ အရေးကြီးပြီး သတင်းဖော်ပြတဲ့ အကြိမ်ရေးများပြားတဲ့ ချိုးဖောက်မှုတွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလအတွင်း အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရလို့ သတင်းဖော်ပြတဲ့ စက်ရုံ အမျိုးအစားတွေ ကတော့ အထည်ချုပ်စက်ရုံ၊ အိပ်ချုပ်စက်ရုံ၊ ထုတ်ပိုးစက်ရုံ၊ ဆေးသွင်းကာလွဲ အလုပ်ရုံနဲ့ ကော်စေ့ မိုလောင်းတဲ့ စက်ရုံတွေပါဝင်တယ်။

အထည်ချုပ်စက်ရုံတွေက ချုပ်လုပ်တဲ့ ကုန်အမှတ်တံဆိပ်တွေကတော့ 157.FUNK ၊  Vaile Bleue ၊ Hang Ten၊ ZARA ၊ Sinsay ၊  Cortefiel ၊ Evenriver ၊ ziben ၊ INEXTENSO၊ Sinsay ၊ YAMADATATSU ORIGINAL၊ Logos Park ၊ Beloved ၊ Bekkin  ၊ KIABI၊ TROLLKIDS၊ JACKET ၊ H&M၊ POKEMON၊ MOHITO ၊ GLACIER Iusso၊HK WORKS LONDON ၊ CROPP ၊ XC ၊ Cooltee၊ ERC၊ ENSORED ၊ ROMAN PETITE ၊ GEMO ၊ Ladies Fashion ၊ TULTEX၊ EUNCENTRO ၊ PROMOD၊ CALLIOPE၊ PADDED COLLECTION စတာတွေဖြစ်ပြီး စုစုပေါင်း ၃၅ ခု ရှိပါတယ်။ သတင်းဖော်ပြခဲ့တဲ့ စက်ရုံတွေထဲမှာ Sinsay တံဆိပ်ချုပ် စက်ရုံ ၅ ရုံပါဝင်ပြီး 157.FUNK ၊  Vaile Bleue၊ CALLIOPEနဲ့ Cortefiel တံဆိပ်တွေ ကတော့  စက်ရုံ နှစ်ရုံစီက ချုပ်လုပ်နေတာ ဖြစ်ပါတယ်။ (No 4)

Myanmar Labour News မှာ အချက်အလက်စုဆောင်းတာ နေစဉ်ပြုလုပ်နေတာကြောင့် နောက်လတွေမှာ အလုပ်သမားနစ်နာမှုတွေကို လချုပ်အနေနဲ့ ဖော်ထုတ်ရေးသားသွားမှာ ဖြစ်တယ်ဆိုတာ တင်ပြလိုပါတယ်။

PDF Download

Myanmar Labour News
Research Team