SURVEY

လုပ်အား အမြတ်ထုတ်ခံ အထည်ချုပ်ကလေးလုပ်သားများ(ဒီဇင်ဘာလ ချိုးဖောက်မှုများ)

CoverLogo
194 Views

လုပ်အား အမြတ်ထုတ်ခံ အထည်ချုပ်ကလေးလုပ်သားများ

(ဒီဇင်ဘာလ ချိုးဖောက်မှုများ)


ဇန်နဝါရီ  ၉ ၊ ၂၀၂၃

ဒီဇင်ဘာလအတွင်း Myanmar Labour News က သတင်းတွေထဲမှာ ကလေးလုပ်သားနဲ့ နေ့စား လုပ်သားတွေ အခွင့်အရေးချိုးဖောက်ခံနေတဲ့ သတင်းအတော်များများ ပါဝင်နေပါတယ်။ တချို့စက်ရုံက နေ့စားအလုပ်သမား တွေထဲမှာ ကလေးလုပ်သား ပါမပါ တိကျတဲ့ အချက်အလက်တွေမရပေမဲ့ တချို့စက်ရုံတွေမှာတော့ ကလေး အလုပ်သမားတွေအပေါ် လုပ်အားအမြတ်ထုတ်တာရှိနေတယ်ဆိုတာကို တွေ့ရပါတယ်။

ဒီဇင်ဘာလအတွင်း သတင်း၊ ဆောင်းပါး၊ ဆန်းစစ်ချက်ဆောင်းပါးနဲ့ စက်ရုံသတင်း စုစုပေါင်း ၂၈ ပုဒ် ဖော်ပြခဲ့ပြီး အဲဒီထဲ အလုပ်သမားတွေအပေါ် နစ်နာအောင် ပြုမူခဲ့တဲ့ စက်ရုံသတင်း ၂၄ ပုဒ်ပါဝင်တယ်။ အဲဒီ စက်ရုံသတင်း တွေမှာ ကလေးလုပ်သားနဲ့ နေ့စား လုပ်သားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တယ်ဆိုတဲ့ စက်ရုံ ၈ ရုံပါဝင်ပြီး သတင်း  ၉ ပုဒ်ကို ဖော်ပြခဲ့ပါတယ်။  ဒီအရေအတွက်က စက်ရုံသတင်း စုစုပေါင်းရဲ့ သုံးပုံတပုံ ရှိပါတယ်။

ချိုးဖောက်ခံရတဲ့ ကလေးအလုပ်သမားနဲ့ နေ့စား အလုပ်သမားတွေအပေါ် အဓိကကျတဲ့ ချိုးဖောက်မှုတွေက လုပ်အား အမြတ်ထုတ်မှုတွေ ဖြစ်ပါတယ်။ ကလေး အလုပ်သမားတွေနဲ့ နေ့စား အလုပ်သမားတွေကို နေ့တွက် ဒေးကြေးကိုပဲ လုပ်အားခအနေနဲ့ ပေးချေပြီး အမြဲတမ်းခန့် ဝန်ထမ်း ဒါမှမဟုတ် နေ့စားလရှင်း ဝန်ထမ်းတွေနဲ့ တန်းတူ လုပ်ကိုင် ခိုင်းစေကြတာပါ။

 

အမြဲတမ်းခန့် ဝန်ထမ်း ဒါမှမဟုတ် နေ့စားလရှင်း ဝန်ထမ်းတွေနဲ့ ကလေးလုပ်သား၊ နေ့စား အလုပ်သမားတွေ အလုပ်အချိန်အတူ အလုပ်အတူလုပ်ကိုင်ရပေမဲ့ အချိန်ပိုကြေး မရကြသလို၊ ရက်သတ္တပတ်ပိတ်ရက်တွေနဲ့ အများပြည်သူ ပိတ်ရက်တွေမှာ အလုပ်လုပ်ကိုင်ရပေမဲ့လည်း အလုပ်သမားဥပဒမှာ သတ်မှတ်ထားတဲ့ အချိန်ပို ကြေးကို နှစ်ဆ ခံစားခွင့်မရခဲ့ ကြတာပါ။

ဥပဒေပါ သတ်မှတ် အချိန်ပို လုပ်ခ မပေးတာက လုပ်အားကို အမြတ်ထုတ်မှုတွေ ဖြစ်ပြီး လုပ်သား အရေအတွက် များလေလေ အလုပ်ရှင်တွေ စက်ရုံပိုင်ရှင်တွေအတွက် အကျိုးများလေလေ ဖြစ်ပါတယ်။ မြန်မာအလုပ်သမား ဥပဒေတွေမှာ ပုတ်ပြတ်၊ နေ့စား၊ လခစား အလုပ်သမားတွေကို ခွဲခြားမထားသလို အကျိုး ခံစားခွင့်မှာလည်း တန်းတူရရှိဖို့ သတ်မှတ် ပြဌာန်းထားပါတယ်။ ဒါ့ပေမဲ့ နေ့စားအလုပ်သမားတွေကတော့ ဘယ်လို ခွင့် အမျိုးအစား မှ ခံစားခွင့်မရသလို၊ လူမှု့ဖူလုံရေးကြေးလည်း ထည့်ဝင်ခွင့်မရလို့ ခံစားခွင့်လည်း မရခဲ့ကြပါဘူး။

စက်ရုံဘက်က ချိုးဖောက်မှုတွေအတွက် တိုင်ကြားခံရတိုင်း အလုပ်သမားရုံးက တာဝန်ရှိသူ လာရောက် စစ်ဆေး ကြပေမဲ့ စက်ရုံဘက်က ကြိုတင် သိရှိထားလို့ နေ့စားကလေး လုပ်သားတွေကို ကြိုတင် အလုပ်ထုတ် ခဲ့တဲ့ အတွက် အဲဒီ အလုပ်သမားတွေမှာ စိတ်ပိုင်းရုပ်ပိုင်း ထိခိုက်မှုတွေ ရှိခဲ့ကြပါတယ်။ ဒါ့အပြင် စက်ရုံမှာ ကျန်နေတဲ့ အသက် ငယ်ရွယ်တဲ့ ကလေးလုပ်သားတွေကို အသက်ပြည့်တဲ့ အကြောင်း လိမ်လည်ဖြေကြားဖို့ စက်ရုံတာဝန်ရှိသူ တွေက ကြိုတင်သင်ကြားပေးတာတွေ ရှိလို့ စက်ရုံကို အရေးမယူနိုင်ခဲ့ဘဲ ကလေးလုပ်သားတွေရဲ့ နစ်နာမှုတွေကို ဖြည့်ဆည်းဖို့ ဖြစ်မလာခဲ့ကြပါဘူး။ အဲဒီ စက်ရုံတွေမှာ ကလေးလုပ်သားနဲ့ နေ့စားလုပ်သား အနည်းဆုံး တရာ ဝန်းကျင် လောက်ရှိနေတာကြောင့် နစ်နာသူတွေ မနည်းဘူးဆိုတာ ထင်ရှားပါတယ်။

ဒီဇင်ဘာလအတွင်း ကလေးလုပ်သားတွေနဲ့ နေ့စားလုပ်သားတွေရဲ့ အခွင့်အရေးတွေကိုချိုးဖောက်ထားတယ်လို့ တိုင်ကြားခံရတဲ့ စက်ရုံတွေကတော့ ရွှေပြည်သာမြိုနယ်က Toe Tet Garment Co.,Ltd၊ လှိုင်သာယာစက်မှုဇုန် ၂ က Shuangxi Myanmar၊ ရွှေလင်ဗန်းစက်မှုဇုန်က Yoyika Garment နဲ့ Nisho (2)၊ လှိုင်သာယာစက်မှုဇုန် ၁ က Hone Kong Enterprise၊ ပဲခူးမြို့နယ်က Myanmar Bago Ntmode Garment Co.,Ltd၊ သာဓုကန် စက်မှုဇုန်က Sunrise Myanmar Fashion Garment၊ ဝါးတရာစက်မှုဇုန်က J-Land Myanmar စက်ရုံတွေ ဖြစ်ပါတယ်။

Hone Kong Enterprise ကတော့ စာသောက်ကုန် ကြာဇံ ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး ကျန်စက်ရုံတွေကတော့ အထည်ချုပ် စက်ရုံတွေ ဖြစ်ပါတယ်။ စားသောက်ကုန်ထုတ်လုပ်တဲ့ စက်ရုံအတွင်း လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ခန္ဓာကိုယ်အစိတ်တပိုင်းတချို့ ဆုံးရှုံးမှု ရှိခဲ့ပြီး  စစ်ဆေးရေးအဖွဲ့တွေ စက်ရုံလာစစ်တိုင်းမှာ အဲဒီကလေးလုပ်သား တွေ အမြဲပုန်းအောင်းခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

CHASECULT အမှတ်တံဆိပ်ချုပ်တဲ့ Toe Tet Garment Co.,Ltd  စက်ရုံကတော့ ကလေးလုပ်သားတွေကို နှစ်နဲ့ချီ ခိုင်းစေခဲ့ပေမဲ့ စက်ရုံပြောင်းရွှေ့ချိန်မှာတော့ အသက် ၁၈ နှစ်မပြည့်လို့ ဆိုပြီး လုပ်သက်နစ်နာကြေး မပေးခဲ့တာပါ။

 Shuangxi  Myanmar အထည်ချုပ် စက်ရုံကတော့  JAKO အမှတ်တံဆိပ်ကို ချုပ်လုပ်နေပြီး နေ့စားအလုပ်သမား ၂၀ ကျော်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ အဲ့ဒီနေ့စားအလုပ်သမားတွေကိုလည်း စက်ရုံ  အတည်ပြု ဝန်ထမ်း အဖြစ် မသတ်မှတ်တာကြောင့် ခွင့်ရက်၊ အလုပ်ပိတ်ရက်နဲ့ လူမှုဖူလုံရေးခံစားခွင့်တွေ ဆုံးရှုံးနေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

ပိုလန် အခြေစိုက် Sinsay အမှတ်တံဆိပ်ကို ချုပ်တဲ့ Yoyika Garment ကတော့ နေ့စားအလုပ်သမား ၁၀၀ ဝန်းကျင်ကို အကူလုပ်သားအဖြစ် ခိုင်းစေပြီး တရက်လုပ်ခ ၃၆၀၀ ကျပ်သာ ပေးချေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီနေ့စားလုပ်သားတွေကို တလဝန်းကျင်လောက်သာ ခိုင်းစေပြီး အလုပ်ဖြုတ်တယ်လို့လည်း အလုပ်သမား တွေက ပြောပါတယ်။

ပဲခူး အခြေစိုက် Myanmar Bago Ntmode Garment Co.,Ltd အထည်ချုပ်စက်ရုံမှာတော့ နေ့စားလုပ်သား ၁၀၀ ဝန်းကျင်ရှိပြီး အဲဒီထဲမှာ ကလေးလုပ်သားက အများစုလို့ သိရပါတယ်။ အဲဒီထဲမှာ တချို့ ကလေးလုပ်သားတွေဟာ လုပ်သက် ၃ နှစ် ဝန်းကျင်အထိ ရှိနေပေမဲ့ အမြဲတမ်းလုပ်သားအဖြစ် စက်ရုံက မသတ်မှတ်ထားပါဘူး။ တခြား အလုပ်သမားနည်းတူ လုပ်ကိုင်ရပေမဲ့ ခွင့်ခံစားခွင့်မရှိကြပါဘူး။ ဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ ထောက်ပံ့ကြေး နဲ့ ကျွမ်းကျင်ကြေး၊ ရက်မှန်ကြေးမရသလို လကုန်ပြီး ၅ ရက်မှသာ နေ့စားလုပ်ခ ရကြ ပါတယ်။ အဲဒီ  ကလေး လုပ်သားတွေရဲ့ သတင်းကို Myanmar Labour News မှာ ဖော်ပြပြီး နောက်မှာတော့ ကလေးလုပ်သားတချို့ကို စက်ရုံဘက်က အလုပ်ထုတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  

Sunrise Myanmar Fashion Garment အထည်ချုပ် စက်ရုံကတော့ GLOBAL WORK၊ WOLLYTEC၊ CINEMA CLUB၊ HARE၊ LEPSIL၊ URBAL FUNCTION ၊ SINCE 1930 ၊ UNITED ATHLA၊ FINO-OUT၊ LOWRYS FARM၊ AIRTHERMAL၊ wmb၊ CLOSSHI Biz၊ HK WORKS LONDON၊ SOLOTEX ကတော့ စတဲ့ ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်အတွင်းက နေ့စား အလုပ်သမားတွေဟာ ဒေးကြေး တစ်ရက် ၄၈၀၀ ကျပ်နဲ့ အချိန်ပိုကြေးရရှိပေမဲ့ စနေ၊ တနင်္ဂနွေလိုရက်တွေ မှာလည်း ၄၈၀၀ ကျပ်သာရရှိပြီး အလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ ထောက်ပံငွေ ကျပ် ၁၀၀၀ မရရှိကြဘူးလို့ ပြောဆိုပါတယ်။

HanGTen အမှတ်တံဆိပ်ချုပ် Nisho (2) စက်ရုံမှာတော့ လုပ်သက် ၆ လကနေ တနှစ် အထိရှိနေတဲ့ နေ့စား အလုပ်သမား တွေ ခိုင်းစေနေပြီး အမြဲတမ်းအလုပ်သမားအဖြစ် သတ်မှတ်ပေးတာ မရှိဘူးလို့  အလုပ်သမား တွေက ပြောကြားပါတယ်။

J-Land Myanmar အထည်ချုပ်စက်ရုံကလည်း နေ့စားအလုပ်သမားတွေကို ဥပဒေသတ်မှတ်ကာလထက် ကျော်လွန်ခိုင်းစေခဲ့ပြီး သတ်မှတ်ဒေကြေးရရှိပေမဲ့ အချိန်ပိုကြေး ပေးတာမရှိသလို ဝန်ကြီးဌာနက ကြေညာ ထားတဲ့ ထောက်ပံကြေးလည်း မပေးခဲ့ဘူးလို့ အလုပ်သမားတွေက ပြောကြားပါတယ်။ ဒါ့အပြင် အမြဲတမ်းခန့် အလုပ်သမားတွေလို ပိတ်ရက်အတွက် ငွေကြေးခံစားခွင့် နဲ့ ရက်မှန်ကြေးတွေလည်း မရရှိဘူးလို့ အလုပ်သမားတွေ က ပြောပါတယ်။

အချိန်ပို အလွန်အကျွံခေါ်တယ်ဆိုတဲ့ စက်ရုံတွေ 

ဝါးတရာ စက်မှုဇုန်မှာ EVERLAST ၊ DIEM ၊ FB SISTER တံဆိပ်တွေချုပ်နေတဲ့ Tai Hong အထည်ချုပ် စက်ရုံ ၊ Logos Park ၊ Beloved ၊ Bekkin တံဆိပ်တွေ ချုပ်နေတဲ့ Rong Da Garment  ၊ Shuangxi Myanmar စက်ရုံ ၊  သာဓုကန် စက်မှုဇုန်တွေက မှာ Beisie ၊ Orsay ၊ CLIQUE တံဆိပ်ချုပ်တဲ့ K Seng စက်ရုံ ၊ Li Da Garment Co.,Ltd စက်ရုံ၊  Sunrise Myanmar Fashion Garment ၊ Nisho (2) အထည်ချုပ်စက်ရုံ၊ အနော်ရထာစက်မှုဇုန် က Best Choice Garment Co,Ltd ၊ Tianjin Fashion Milestone အထည်ချုပ်စက်ရုံနဲ့  Dong Sheng Xing Apparel စတဲ့ စက်ရုံတွေဟာ အချိန်ပို အလွန်အကျွခေါ်ယူတယ်ဆိုပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ အလုပ်သမားတွေက Myanmar Labour News ကို  ပြောဆိုပါတယ်။ 

ဥပဒေကို ဖေါက်ဖျက်ပြီး အချိန်ပိုခေါ်ယူမှုတွေရှိတဲ့ စက်ရုံတွေကတော့ အထက်မှာ ဖော်ပြထားပြီးတဲ့ စက်ရုံတွေနဲ့ အတူ Myanmar Bago Ntmode Garment Co.,Ltd အထည်ချုပ် စက်ရုံနဲ့  Hone Kong Enterprise ကြာဆံ စက်ရုံကတွေ ဖြစ်ကြပါတယ်။  

အချိန်ပိုတွေ ဆက်တိုက်ခေါ်ယူပြီး အနားမရကြလို့ အလုပ်သမားတွေက ခွင့်တွေတောင်းကြပေမဲ့ ခွင့်မပေးတာ၊ ရက်ပျက် သတ်မှတ်ပြီး အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ဖြတ်တောက်တာ၊ အချိန်ပိုမဆင်းတဲ့ အလုပ်သမား တွေကို ခွဲခြားဆက်ဆံတာ၊ အလုပ်ကိုင်အတွက် ခြိမ်းခြောက်တာတွေ၊ ဖိအားပေး ခိုင်းစေတာတွေကို ပြုလုပ်ခဲ့ ကြတယ်လို့ ဖော်ပြထားတဲ့ စက်ရုံအသီသီးက အလုပ်သမားတွေက ပြောကြားခဲ့ပါတယ်။ 

အလုပ်ထုတ်တဲ့ စက်ရုံတွေ

ဒီဇင်ဘာလအတွင်း ဥပဒေနဲ့ ညီညွတ်မှုမရှိဘဲ လုပ်သက် ဆယ်နှစ်ကျော် အလုပ်သမားတွေကို အလုပ်ထုတ်ဖို့ ကြိုးစားတဲ့ စက်ရုံကတော့ ခေါက်ဆွဲ ခြောက်ထုတ်လုပ်တဲ့ Htun Myint Htun Co,Ltd စက်ရုံဖြစ်ပါတယ်။ လက်ရှိ အလုပ်သမားရုံးတွေမှာ ဖြေရှင်းတဲ့ အဆင့်မှာမို့ အသေးစိတ်ကို မဖော်ပြနိုင်သေးတာ ဖြစ်ပါတယ်။

MLA UNIFORM  တံဆိပ်ချုပ်တဲ့ Myanmar Lucky Phoenix International Co.,Ltd အထည်ချုပ် စက်ရုံ တာဝန်ရှိသူတွေက အချိန်ပိုလုပ်ခ မရဘူး လို့ အလုပ်သမားအရာရှိတွေကို အမှန်အတိုင်း အစစ်ခံခဲ့တဲ့ အလုပ်သမား တွေကို အလုပ်ထုတ်ခဲ့ပြီး ခုံသမာဓိ အဖွဲ့အထိ ဖြေရှင်းတာတွေ ပြုလုပ်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ထဲမှာ Myanmar Labour News အနေနဲ့ သတိပြုမိတဲ့ အချက်ကတော့ အစစ်ခံတဲ့ အလုပ်သမားတွေရဲ့ အချက်အလက် တွေကို စက်ရုံဘက်က ဘယ်လို ပြန်သိလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။

Myanmar Bago Ntmode Garment Co.,Ltd ရဲ့ ကလေးလုပ်သား သတင်းကို Myanmar Labour News မှာ ဖော်ပြ ပြီးနောက်မှာ စက်ရုံဘက်က အဲဒီ ကလေးလုပ်သားတွေကို အလုပ်ထုတ်ခဲ့ပါတယ်။ အဲဒီကလေး လုပ်သားတွေကို စက်ရုံက နှစ်ပေါင်းများစွာ ခိုင်းစေခဲ့ပြီး လုပ်အား အမြတ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်း ဆဲဆိုမှုတွေ

Toe Tet Garment Co.,Ltd၊ Shuangxi Myanmar၊ Nisho (2)၊ Jiashihao(Myanmar)၊ Sunrise (Myanmar) fashion Co.,Ltd၊ Tianjin Fashion Milestone စတဲ့ စက်ရုံတွေမှာ လုပ်ငန်းခွင် ဆဲဆိုမှုတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောကြားခဲ့ပါတယ်။

ဆဲဆိုမှုတွေက လုပ်ငန်းခွင် ပျော်ရွင်မှုကို ပျောက်ဆုံးစေပြီး အလုပ်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက် စေတာကြောင့် ကုန်ထုတ်မှုကို ကျဆင်းစေတယ်လို့ သုတေသန စာတမ်းတချို့မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မြန်မာအထည်ချုပ် စက်ရုံတွေမှာ တာဝန်ရှိသူတွေကတော့ အလုပ်သမားကြီးကြပ်ရေးမှူးတွေရဲ့ ဆဲဆိုမှုတွေကို လုံးဝ မထိန်းချုပ်ပါဘူး။ ဒီလို ဆဲဆိုမှုတွေက လုပ်ငန်းခွင်အတွင်း အလုပ်သမားတည်မြဲမှု နည်းပါးပြီး ကျွမ်းကျင် လုပ်သားတွေလည်း ဆုံးရှုံးမှု ရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောကြားထား ပါတယ်။ 

သမဂ္ဂအဖွဲ့ဝင်တွေ ခွဲခြားဆက်ဆံ ခံရဆဲ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ကွန်ဗင်းရှင်းတွေထဲမှာ လွတ်လပ်စွာ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ကို ပြဌာန်းထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက စက်ရုံ အလုပ်ရုံတွေမှာ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းခွင့်ကတော့ လက်ရှိအချိန်မှာ ခက်ခဲနေပါတယ်။ အလုပ်သမားအဖွဲ့တွေ အသစ် ဖွဲ့စည်းဖို့ ဆိုတာ ထက် လက်ရှိမှာ အဖွဲ့ဝင်ဟောင်းတွေကတော့ ဖိနှိပ်ခံနေရဆဲ ဖြစ်ပါတယ်။

စက်ရုံသမဂ္ဂအဖွဲ့အစည်း ဖွဲ့စည်းတာမဟုတ်ပေမဲ့ Myanmar Guotai Huasheng Glory Fashion အထည်ချုပ် စက်ရုံက ကြီးကြပ်ရေးမှူးတွေက သမဂ္ဂအဖွဲ့ဝင်ဟောင်းတွေကို  ဖိနှိပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“အရင်တုန်းက သမဂ္ဂအဖွဲ့ဝင်လုပ်ဖူးတဲ့အလုပ်သမားတွေကိုလည်း  အောစူပါ စူပါတွေက အပြစ်မရှိ အပြစ်ရှာပြီး အငြိုးအတေးထားပြီး ဆက်ဆံပါတယ် မန်နေဂျာကို သွားပြီးပြောလည်း ဖြေရှင်းပေးတာမရှိဘူး သူတို့ လုပ်ချင် တိုင်း လုပ်ချင်သလို လုပ်နေကြတာ” လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

သမဂ္ဂနဲ့ အဖွဲ့တွေဟာ အလုပ်သမားနဲ့ အလုပ်ရှင်ကြား အတတ်နိုင်ဆုံး ညှိနှိုင်း ဖန်ဖြေခဲ့ကြသူတွေဖြစ်တယ်လို့ ကိုဗစ်ကာလဖြတ်သန်းခဲ့တဲ့  အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက ပြောကြားထားပါတယ်။ 

လုပ်ငန်းခွင် အခြေအနေတွေ

ဒီဇင်ဘာလအတွင်း စက်ရုံတွေက ကောင်းမွန်တဲ့ လုပ်ငန်းခွင်တွေ ဖန်တီးပေးဖို့ ပျက်ကွက်ခဲ့တဲ့ စက်ရုံပေါင်း ဆယ်ဂဏန်း နီးနီး ရှိခဲ့ပါတယ်။ စက်ရုံတာဝန်ရှိသူတွေက လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး ဥပဒေပါ အချက်အလက် တချို့ကို ဖောက်ဖျက်နေတဲ့အပြင် စာချုပ်စာတန်း ချုပ်ဆိုရတဲ့ EC စာချုပ်ပါ အချက်တွေကိုပါ ဖျောက်ဖျက်တာကို တွေ့ရပါတယ်။

လုပ်ငန်းခွင်အတွင်း ဆေးခန်းမရှိတာ၊ သူနာပြုမထားတာ၊ ဖယ်ရီမလုံလောက်တာ၊ အပြန် ဖယ်ရီ မရတာ၊ သောက်သုံးရေ မရတာ၊ ရေအိမ်မကောင်းတာ၊ လေဝင်လေထွက်မကောင်းတာ၊ အပူရှိန်မြင့်နေတာနဲ့ မီဘေးအန္တရာယ် စိုးရိမ်နေရတဲ့ အခြေအနေတွေ ရှိနေတာတွေကို အလုပ်သမားတွေက ပြောပြထားကြပါတယ်။

ဒီဇင်ဘာလအတွင်း စက်ရုံတွေဘက်က ဖိအားပေးပြီး ရက်အစား ဆင်းခိုင်းတဲ့ သတင်းတွေ မတွေ့ရတော့ ထူးခြားချက်တခုဖြစ်ပေမဲ့ ခြိမ်းခြောက်ဖိအားပေးခိုင်းစေတာ၊ အလုပ်သမားတွေရဲ့ ရပိုင်ခွင့် ငွေကြေးဖြတ်တောက် တဲ့ စက်ရုံတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

ပဲခူးမြို့နယ်မှာ အခြေစိုက်ပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင်နဲ့ လည်ပတ်နေတဲ့ VHT စက်ရုံကတော့ ကုန်ကြမ်း ပြတ်လပ်တယ်ဆိုပြီး လုပ်သား ၄၀၀ ဝန်းကျင်ကို လစာမပေးဘဲ ကာလ အပိုင်းအခြားတခု ပိတ်ခဲ့တယ်လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောကြားပါတယ်။ ဒီဇင်ဘာလအတွင်း စက်ရုံနေရာပြောင်း ရွှေ့တာနဲ့ ပိတ်သိမ်းတဲ့ စက်ရုံတွေလည်း ရှိခဲ့ပြီး အများစု စက်ရုံတွေကတော့ အလုပ်သမားတွေကျေနပ် လက်ခံတဲ့ နစ်နာကြေး ပေးသွားကြကြပါတယ်။

အခုဖော်ပြခဲ့တာကတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း Myanmar Labour News မှာဖော်ပြခဲ့တဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ သတင်းရေးသားချက်များမှာ ကောက်နှုတ်တင်ပြထားတာဖြစ်ပါတယ်။

Download PDF

MyanmarLabourNews

Research Team