SURVEY

လမ်းလျှောက်ပြန်ခိုင်းသည့် စက်ရုံ (သို့) ဖေဖော်ဝါရီလ ချိုးဖောက်မှုများ

CoverLogo
174 Views

လမ်းလျှောက်ပြန်ခိုင်းသည့် စက်ရုံ (သို့) ဖေဖော်ဝါရီလ ချိုးဖောက်မှုများ

မင်းနီကျော် 

မြန်မာနိုင်ငံက စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီ၊ လုပ်ငန်းတွေမှာ အလုပ်သမားတွေကို ခန့်ထားပါက အလုပ်ခန့် ထားမှုဆိုင်ရာ သဘောတူစာချုပ် EC ချုပ်ဆိုရမယ်လို့ ၂၀၁၃ ခုနှစ် ၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံဖြိုးတိုးတက်ရေး ဥပဒေမှာ ဖော်ပြထားပါတယ်။

ဒီစာချုပ်ထဲမှာတော့ (၁)အလုပ်အကိုင်အမျိုးအစား၊ (၂)အစမ်းခန့်ကာလ ၊(၃)လုပ်ခ၊ လစာ ၊(၄) လုပ်ငန်း တည်နေရာနှင့် အမျိုးအစား၊ (၅)စာချုပ်သက်တမ်း၊ (၆)အလုပ်ချိန်၊ (၇)နားရက်၊ အလုပ်ပိတ်ရက်နှင့် ခွင့်ရက်၊ (၈)အချိန်ပိုလုပ်ကိုင်ခြင်း၊ (၉)အလုပ်ချိန်အတွင်း အစားအသောက်အစီအစဉ်၊ (၁၀)နေရာထိုင်ခင်းနှင့်ဝတ်စုံ၊ (၁၁)ဆေးဝါးကုသခြင်း၊ (၁၂)အလုပ်ခွင်သို့ကြို၊ပို့ယာဉ်စီစဉ်ပေးခြင်းနှင့် ခရီးသွားလာခြင်း၊ (၁၃)သင်တန်း၊ (၁၄) အလုပ်မှနုတ်ထွက်ခြင်းနှင့်အလုပ်မှရပ်စဲခြင်း ၊ (၁၅)စာချုပ်ရပ်စဲခြင်း၊ (၁၆)အလုပ်ရှင်၏တာဝန်ဝတ္တရားများ၊ (၁၇) အလုပ်သမားများ၏ တာဝန်ဝတ္တရားများ၊ (၁၈)အလုပ်ခန့်ထားမှုသဘောတူညီချက် စာချုပ်အား အလုပ်ရှင်၊ အလုပ်သမားနှစ်ဦး သဘောတူဖျက်သိမ်းခြင်း၊ (၁၉)အလုပ်ရှင်နှင့်အလုပ်သမားအငြင်းပွားမှုများကို ဖြေရှင်းခြင်း (၂၀) စာချုပ်စည်းကမ်းများကို ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း၊ (၂၁)စာချုပ်အသက်ဝင်သည့်ရက်စွဲ၊ (၂၂) တာဝန်ရှိမှုများ၊ (၂၃)အထွေထွေ ဆို စတဲ့အချက်တွေပါဝင်ရမှာ ဖြစ်ပါတယ် ။

ဒီလို အချက်တွေပါဝင်ပေမဲ့  Tianjin Fashion Milestone Garment စက်ရုံက တော့  အလုပ်ခွင်သို့ကြို၊ ပို့ယာဉ် စီစဉ်ပေးခြင်း ဆိုတဲ့ အချက်ကို ဖောက်ဖျက်ခဲ့လို့ အလုပ်သမား ၄၀၀ ဝန်းကျင် နေအိမ်တွေဆီ လမ်းလျှောက် ပြန်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ညီမတို့ အတော်လေး ဒုက္ခရောက်တယ်၊ တချို့ဆို အဝေးကြီးကိုပြန်ကြရတာ လမ်းစရိတ်မရှိတော့ လမ်းလျှောက် ပြန်ကြရတယ်၊ လမ်းမှာ တခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ၊ စက်ရုံကအတော်လေးကို လူမဆန်ဘူး ။’’လို့ ကာယံရှင် အမျိုးသမီး အလုပ်သမားတဦး ပြောပါတယ်။

Tianjin Fashion Milestone အထည်ချုပ်အလုပ်သမားတွေကို တာဝန်ရှိသူတွေက အချိန်ပို အတင်း အကျပ် ဆင်းခိုင်းပြီး၊ မဆင်းတဲ့ အလုပ်သမားတွေကို ဖယ်ရီစီစဉ် မပေးတာကြောင့် လမ်းလျှောက် ပြန်ခဲ့ရတယ်လို့ သိရပါတယ်။

“အခု စက်ရုံက နိုင်ငံရေးအခြေအနေကလဲမကောင်းတာကို သိရဲ့သားနဲ့ အိုတီကို အတင်းအကျပ် ဆင်းခိုင်း နေတယ် ။ အိုတီမဆင်းပေးတဲ့ အလုပ်သမားတွေကို ကြိုပို့ဖယ်ရီစီစဉ်မပေးနိုင်ဘူးဆိုပြီး မနေ့(ဖေဖော်ဝါရီ ၂၇) က အလုပ်သမား ၃၀၀ ကျော် ၄၀၀ ကို ဒီအတိုင်းပြန်လွှတ်လိုက်တယ်’’လို့ အလုပ်သမားတွေက ပြောပါ တယ်။

စက်ရုံရဲ့ အထွေထွေမန်နေဂျာ (GM) ဆိုသူက ဖယ်ရီ မပေးနိုင်ဘူးလို့ ပြောဆိုခဲ့တာဖြစ်တယ်လို့ အလုပ်သမားတွေ က ပြောပါတယ်။

Tianjin Fashion Milestone အထည်ချုပ်ကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်က Sinsay , VERO MODA တံဆိပ်ကိုချုပ်လုပ်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားကြား EC စာချုပ်လည်း ချုပ်ဆိုထားပါတယ်။

EC စာချုပ်ထဲ မပါတဲ့ စည်းကမ်းတွေထုတ်ပြီး အလုပ်သမားတွေ ကို နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်နေသလို နေ့စားလူငယ် အလုပ်သမားတွေကိုခိုင်းစေပြီး  အိမ်သာဝင်တဲ့ အလုပ်သမားတွေကို ဓါတ်ပုံရိုက် မှတ်တမ်းတင်တာ၊ ဆဲဆိုခိုင်းစေတာ၊ ဝမ်တိန်ထိုးခိုင်းပြီး ခြိမ်းခြောက်တာတွေပါ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

အလုပ်ခန့် ထားမှုဆိုင်ရာ သဘောတူစာချုပ် EC မှာ စည်းကမ်းချက်တွေကို ဖြည့်စွက်လိုပါက အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်းရမှာ ဖြစ်ပေမဲ့ Tianjin Fashion Milestone အထည်ချုပ်မှာ ညှိနှိုင်းဖြည့်စွက်တာမရှိဘဲ စက်ရုံဘက်က တဖက်သတ် ဖြည့်စွက်ထားတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

စက်ရုံဘက်ကတော့ အချိန်ပိုကို ညနေ ၆ နာရီခွဲ ပြန်လည်သတ်မှတ်ပေးထားပေမဲ့ တခြားပြောင်းလဲတာတော့ မရှိသေးဘူးလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

Tianjin Fashion Milestone အထည်ချုပ် စက်ရုံကတော့ Myanmar Labour News မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအတွင်း သတင်း ဖော်ပြမှု  ၃ ကြိမ်ရှိခဲ့တဲ့ စက်ရုံဖြစ်ပါတယ်။

သတင်းဖော်ပြမှု ၅၄ ကြိမ်ထဲမှာ  Tianjin Fashion Milestone Garment ၃ ကြိမ်၊ ၊ Handa Yangon Garment ၂ ကြိမ်၊ BOFEI Garment Co.,ltd ၂ ကြိမ်၊ Asdet ၂ ကြိမ်စီနဲ့ အကြိမ်အများဆုံးပါဝင်ပြီး  တကြိမ်စီ ဖော်ပြခံရတဲ့ စက်ရုံ ၃၅ ရုံ ရှိပါတယ်။ စက်ရုံ  ၃၉ ရုံရဲ့ သတင်းကို ၄၄ ကြိမ် ဖော်ပြခဲ့ပြီး ဆန်းစစ် ဆောင်းပါး နဲ့ ပြည်ပ အလုပ်သမားသတင်း ၁ ကြိမ်စီ၊ အင်တာဗျူး ၂ ကြိမ်နဲ့ သတင်း ၆ ကြိမ်ဖော်ပြထားပါတယ်။ 

 

ချိုးဖောက်မှု အများဆုံး အမျိုးအစား

Myanmar Labour News မှာ အလုပ်သမားအခွင့်အရေး သတင်းဖော်ပြထားမှုတွေထဲက ကျင့်ဝတ်ပိုင်း၊ ဥပဒေပိုင်း ချိုးဖောက်တယ်လို့ ယူဆတဲ့ အကြောင်းအရာ ၂၅ မျိုးကျော် ခွဲခြားပြီး လက်ရှိ မှတ်တမ်းတင်နေပါတယ်။

ဖေဖော်ဝါရီလထဲမှာ ဒီအကြောင်းအရာတွေထဲက အလုပ်သမားတွေ ချိုးဖောက်ခံရမှု အမျိုးအစား၂၁ မျိုး ကို မှတ်တမ်းတင်ထားပါတယ် ။ မှတ်တမ်းတင်ထားတဲ့ ချိုးဖောက်ခံရမှု အမျိုးအစားတွေကတော့ အလုပ်သမားတွေရဲ့ လုပ်ခလစာနဲ့ ရပိုင်ခွင့်တွေ ဖြတ်တောက်ခံရတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ မှတ်တမ်းအရ စက်ရုံအလုပ်ရုံ  ၃၉ ရုံထဲမှာ အကြိမ် ၃၂  ကြိမ်ပါဝင်နေတာပါ။ 

ခွင့်မပေးဘူးဆိုတဲ့ သတင်း ၂၆ ကြိမ် ၊ အလုပ်ထုတ်တာနဲ့ ဆဲဆို တယ်ဆိုတဲ့  သတင်း ၂၁ ကြိမ်၊ စံချိန်တိုးတောင်း တာနဲ့ ဖိအားပေး ခြိမ်းခြောက် ပြောဆိုခံရတယ်ဆိုတဲ့ သတင်း အကြိမ် ၂၀ စီ၊ အချိန်ပိုနဲ့ ပတ်သက်ပြီး ချိုးဖောက် တယ်ဆိုတဲ့ သတင်း ၁၇ ကြိမ်၊ နေ့စားအလုပ်သမားတွေ ချိုးဖောက်ခံရတယ်ဆိုတဲ့ သတင်း ၁၅ ကြိမ် တို့ ပါဝင်ပါတယ်။

ချိုးဖောက်ခံရမှု ၁၀ ကြိမ်အောက် အမျိုးအစားကတော့ ခွဲခြားဆက်ဆံရတဲ့ သတင်း ၇ ကြိမ်နဲ့ EC စာချုပ် ဖောက်ဖျက်တယ်ဆိုတဲ့ သတင်း ၅ ကြိမ်တို့ပါဝင် ပါတယ်။

 

သတင်းဖော်ပြပါ စက်ရုံလုပ်ငန်းများ

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း Myanmar Labour New မှာ သတင်းဖော်ပြခဲ့တဲ့  စက်ရုံတွေထဲမှာ ကုန်ထုတ်မှု စက်ရုံ နှစ်ရုံ ၊ ဆံပင်တု စက်ရုံ တရုံ၊ အိပ်ချုပ်စက်ရုံ ၃ ရုံနဲ့ အထည်ချုပ်စက်ရုံ ၃၃ ရုံ ပါဝင်ပါတယ်။  ကုန်ထုတ်ရေး စက်ရုံတွေကတော့ ပန်းချီဘောင် စက်ရုံနဲ့ နားကြပ် စက်ရုံတွေ ဖြစ်ကြပါတယ်။ 

 

ချိုးဖောက်မှု အများဆုံး စက်ရုံ

ချိုးဖောက်တယ်လို့ သတင်းဖော်ပြထားတဲ့ စက်ရုံတွေထဲမှာ ချိုးဖောက်မှု အမျိုးအစားအများဆုံး စက်ရုံကတော့ Tianjin Fashion Milestone အထည်ချုပ်စက်ရုံ၊ S-M MYANMAR Garment ၊ BOFEI garment Co.,ltd အထည်ချုပ်၊ Asdet အထည်ချုပ် စက်ရုံနဲ့ Handa Yangon Garment စက်ရုံတွေ ဖြစ်ပါတယ် ။

အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံလုပ်ငန်း ပိုင်ရှင်

ဖေဖော်ဝါရီလအတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်တဲ့ သတင်း ဖော်ပြထားတဲ့စက်ရုံအလုပ်ရုံတွေရဲ့ ပိုင်ရှင်တွေကတော့ တရုတ်နိုင်ငံသား၊ ဂျပန်နိုင်ငံသား၊ ကိုးရီးယားနိုင်ငံသား၊ ဘင်္ဂလားဒေရှ့် နိုင်ငံသားနဲ့ မြန်မာနိုင်ငံ သားတွေ ဖြစ်ကြပါတယ်။ တရုတ်နိုင်ငံသားပိုင် စက်ရုံ  ၃၁ ရုံပါဝင်ပြီး ဂျပန်နိုင်ငံသား၊ ကိုးရီးယား နိုင်ငံသား၊ ဘင်္ဂလားဒေရှ့် နိုင်ငံသားနဲ့ မြန်မာနိုင်ငံသားတွေရဲ့ စက်ရုံ ၁ ရုံစီပါဝင်ပါတယ်။

 

သတင်းဖော်ပြထားတဲ့ စက်မှုဇုန်

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုရှိတယ်ဆိုတဲ့ စက်မှုဇုန်တွေကို ဖော်ပြထားရမှာ စက်မှုဇုန် ၁၃ ခု ပါဝင်ပါတယ်။ ဖော်ပြထားတဲ့ စက်မှုဇုန်အားလုံးက ရန်ကုန်တိုင်းအတွင်း ရှိနေတာကို တွေ့ရပါတယ်။ ပါဝင်မှု တွေကိုတော့ ဂရတ်မှာ တွေ့ရမှာ ဖြစ်ပါတယ်။

 

အလုပ်သမား အခွင့်အရေးချိုးဖောက်မှုနှင့် ကုန်အမှတ်တံဆိပ်များ

ဖေဖော်ဝါရီလအတွင်း Myanmar Labour News မှာ သတင်းဖော်ပြခဲ့တဲ့ စက်ရုံအလုပ်ရုံတွေက ထုတ်လုပ်တဲ့ ကုန်အမှတ်တံဆိပ်ပေါင်း  ၇၁ ခု ပါဝင်ပြီး အကြိမ် ၉၀ ဖော်ပြထားပါတယ်။ တံဆိပ်အများစုကတော့ နိုင်ငံတကာ ကို ဖြန့်ချီနေတဲ့ အမှတ်တံတွေ ဖြစ်ကြပါတယ်။ တချို့ နိုင်ငံတကာ အမှတ်တံဆိပ်တွေကတော့ မြန်မာနိုင်ငံမှာ အမှာစာ ပေးပို့မှာ မဟုတ်ဘူးလို့ ကြေညာထားတဲ့ တံဆိပ်တွေပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ 

Myanmar Labour News မှာ ဖေဖော်ဝါရီလအတွင်း ဖော်ပြခဲ့တဲ့ သတင်းတွေကို ဆန်းစစ်ကြည့်ရမှာ အလုပ်သမား တွေ ရပိုင်ခွင့် ဖြတ်တောက်ခံရတာနဲ့ ဥပဒေမှာ ပေးထားတဲ့ ခွင့်ကို စက်ရုံတာဝန်ရှိသူတွေက မပေးဘူးဆိုတာ ဆက်စပ်နေပြီး အချိန်ပိုနဲ့ ဥပဒေကိုလည်း ချိုးဖောက်ခံရတယ်ဆိုတာကို တွေ့ရပါတယ်။ ဥပဒေပါ  ခွင့်ရက်မှာ ရပိုင်ခွင့်တွေကို တရားဝင် ပြဌာန်းသတ်မှတ်ထားပေမဲ့ အလုပ်သမားတွေကတော့ အဲဒီ အကျိူးမခံစားရပါဘူး။ အချိန်ပိုမှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းရမယ်လို့ ပါရှိပေမဲ့ စက်ရုံတွေ ဘက်က အချိန်ပိုမဆင်းလို့ လမ်းလျှောက်အိမ်ပြန်ခိုင်းတာအပါအဝင် နည်းလမ်းမျိုးစုံနဲ့ အလုပ်သမားတွေအပေါ် ချိုးဖောက်နေတာကို တွေ့ရ ပါတယ်။

စံချိန်တိုးတောင်းတာနဲ့ ဆဲဆိုခိုင်းစေတာတွေကလည်း အဓမ္မခိုင်းစေပြီး လုပ်အား ခေါင်းပုံဖြတ်ကာ အလုပ်ရှင်တွေအတွက် အကျိုးအမြတ် ရရှိနေတာကို ပါဝင်ပတ်သက်သူတွေအားလုံး သတိပြုဖို့ လိုအပ်ပါတယ်။

ဥပဒေ၊ ဝန်ကြီးဌာနရဲ့ အားနည်းချက်ကို အသုံးချတာတွေက ကျင့်ဝတ် မပြည့်စုံမှုတွေဘဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေကတော့ အားနည်းတယ်ဆိုတဲ့ ဥပဒေ ပြဌာန်းချက်အတိုင်း ခံစားခွင့် မရဘူးဆိုတာကိုလည်း Myanmar Labour News မှာဖော်ပြခဲ့တဲ့သတင်းတွေမှာ တွေ့ရှိနေရပါတယ်။

အခုလို လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်ခံရမှုများနဲ့ပတ်သတ်တဲ့ အနှစ်ချုပ်ဆောင်းပါးများကို လစဉ်တင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။