SURVEY

ကျင့်ဝတ်‌ဖောက်ဖျက် ဥပဒေမဲ့ ငွေကြေးဖြတ်တောက်မှုနှင့် နိုဝင်ဘာလ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ

CoverLogo
251 Views

ကျင့်ဝတ်‌ဖောက်ဖျက် ဥပဒေမဲ့ ငွေကြေးဖြတ်တောက်မှုနှင့် နိုဝင်ဘာလ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ

By မင်းနီကျော်

နိုဝင်ဘာလအတွင်း Myanmar Labour News မှာ သတင်း၊ ဆောင်းပါးနဲ့ စက်ရုံတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှု သတင်းအကြိမ်ရေ  ၃၃ ကြိမ် ဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာ သတင်း  ၁၀ ပုဒ်၊ ဆောင်းပါး ၃ ပုဒ်၊ စက်ရုံ ၁၉ ရုံရဲ့ သတင်းအပုဒ် ၂၀ ကို ဖော်ပြခဲ့တာပါ ။ (ပုံ - ၁ )

100%

Figure 1 - နိုဝင်ဘာလအတွင်း အလုပ်သမားများ ချိုးဖောက်ခံရသည့် စက်ရုံသတင်းဖော်ပြမှု

ကျင့်ဝတ်ဖောက်ဖျက်

ဖော်ပြခဲ့တဲ့ သတင်းတွေထဲမှာ ကျင့်ဝတ်ဖောက်ဖျက်တဲ့ သတင်းတပုဒ်ကို ဖော်ပြခဲ့ပြီး ဒီသတင်းထဲမှာ အလုပ်သမားတွေနဲ့ စက်ရုံတာဝန်ရှိသူတွေကြားက  ဆက်ဆံရေး ကွာဟမှု ကြီးမားတာကိုလည်း ထင်ထင်ရှားရှား တွေ့ရပါတယ်။  အဲဒီသတင်းကတော့ ကြီးကြပ်ရေးမှူးတဦးက အလုပ်သမားတွေ ရရှိတဲ့ ငွေကြေးတွေကို ဖြတ်တောက်ရယူ အလွဲသုံးစား ပြုလုပ်နေလို့ အလုပ်သမားတဦးက Myanmar Labour News ကို ပြောကြားခဲ့တာ ကို နိုဝင်ဘာလအတွင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။  

အလုပ်သမားတွေရဲ့ ငွေကြေးကို ဖြတ်တောက်ရယူတယ်ဆိုတဲ့ ကြီးကြပ်ရေးမှူးက အထည်ချုပ် စက်ရုံရဲ့ Finishing ဌာနမှာ တာဝန်ယူနေသူဖြစ်ပြီး သူ့ရဲ့ ကြီးကြပ်မှုအောက်မှာ ဌာန ၃ ခုရှိတယ်လို့ သိရပါတယ်။ ဌာနတွေ မှာ အလုပ်သမား  ၈၀ ကျော်ရှိပြီး ကြီးကြပ်ရေးမှူးက အလုပ်သမားတွေရတဲ့ အထည်ဆုကြေးတွေသာမက လုပ်ခ လစာ တွေကို ဖြတ်တောက်ရယူခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။

ကြီးကြပ်ရေးမှူး ဖြတ်တောက်ရယူနေတာကို အလုပ်သမားတချို့ သိရှိခဲ့တာကြောင့် လာမဲ့ မတ်လ လစာအထိ ဆက်လက် ဖြတ်တောက်ရယူမယ်ဆိုပြီး အစည်းအဝေးပြုလုပ်ပြီး ပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာလမတိုင်မီအထိ သုံးကြိမ်ထက် မနည်း ဖြတ်တောက်ရယူသွားခဲ့တာကြောင့် ကိုယ်တိုင်ခံစားခဲ့ရသူကိုယ်တိုင် Myanmar Labour News ကို ပြောဆို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဖြတ်တောက်ရယူခဲ့တဲ့ ငွေပမာဏက တကြိမ်ကို ကျပ် ၆၀၀၀၀ လောက်ကနေ ကျပ် ၈၀၀၀၀ ကြား ရှိတယ်လို့  ဆိုပါတယ်။ ဒီလို ဖြတ်တောက်ရယူခဲ့တာနဲ့ပတ်သက်ပြီး အဲဒီကြီးကြပ်ရေးမှူးက အလုပ်သမားတွေကို လုံးဝ ပြောကြားတာ မရှိပါဘူး။ အလုပ်သမားတွေရရှိတဲ့ ငွေကြေးတွေကို ကြီးကြပ်ရေးမှူးဆိုသူက ဖြတ်ယူနေတာကို သိရှိတဲ့ အလုပ်သမားတချို့လည်း  အလုပ်ထွက်သွားကြပြီး ဌာနသုံးခုပေါင်း အလုပ်သမား ၁၀၀ ကျော်ရှိတာကနေ တိုင်ကြားတဲ့အချိန်မှာတော့ အလုပ်သမား ၈၀ စွန်းစွန်းသာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

ငွေကြေးဖြတ်တောက်နေတာက ကထိန်အလှူနဲ့ သင်္ကြန်အတွက် ဆိုပြီး လုပ်ခ လစာတွေထဲက ဆက်လက် ဖြတ်တောက်တွေ ပြုလုပ်မယ်ဆိုပြီး အစည်းအဝေးပြုလုပ် ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောဆို ပါတယ်။ ငွေကြေးဖြတ်တောက်မှုကို ကျေနပ်မှုမရှိသူအနေနဲ့  ကြီးကြပ်ရေးမှူးက သူနဲ့ တွေ့မယ် ပြောဆိုပြီး ခြိမ်းခြောက် ခဲ့တယ်လို့လည်း သိရပါတယ်။

အလုပ်သမားတွေမှာ တိုင်ကြားဖို့ ခက်ခဲ

အလုပ်သမားတွေ ဖြတ်တောက်ခံရတဲ့ လုပ်ခငွေကြေးတွေကတော့ တဦးချင်းစီရရှိတဲ့ အစွန်းထွက် လစာတွေနဲ့ ဆုငွေဖြစ်ပြီး ကျပ်နှစ်ရာ ကနေ ကျပ်တထောင်မပြည့်တဲ့ ငွေကြေးတွေဖြစ် ကြပါတယ်။ ပုံမှန် စက်ရုံဘက်က ပထမအကြိမ် လုပ်ခ လစာရှင်းရာမှာ ကျပ်တထောင် မပြည့်တဲ့ အစွန်းထွက်ကို ထည့်မရှင်းသေးဘဲ နောက်တရက် နှစ်ရက်ကြာမှာ အဲဒီ အစွန်းထွက်ကို ရှင်းပေးတယ်လို့ သိရပါတယ်။

လုပ်ခလစာ ရှင်းလင်းပေးရာမှာ စက်ရုံဘက်က တိုက်ရိုက် လစာထုတ်ပေးတာမဟုတ်ဘဲ ဌာန ကြီးကြပ်ရေးမှူး တွေက တဆင့် ထုတ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို လစာ ရှင်းလင်းရေး စနစ်ကြောင့်လည်း ကြီးကြပ်ရေးမှူးက အလုပ်သမားတွေရဲ့ လုပ်ခ လစာကို အလွယ်တကူ ဖြတ်ယူနိုင်တာလို့လည်း အလုပ်သမား တွေက ပြောပါတယ်။

စက်ရုံဘက်ကို တိုင်ကြားဖို့ဆိုတာကလည်း တာဝန်ရှိသူဆိုတွေဟာ တရုတ်လူမျိုးတွေဖြစ်လို့ စကားပြန်ကတဆင့် ပြောဆိုလို့ တခြားပေါက်ကြားပြီး အလုပ်အကိုင် တည်မြဲရေးစိုးရိမ်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံတာဝန်ရှိသူတွေက အောက်ခြေအလုပ်သမားတွေထက် ကြီးကြပ်ရေးဆိုသူတွေကို ပိုမိုယုံကြည်တာ ကြောင့် ငွေကြေးအလွဲသုံးစားပြုလုပ်ပေမဲ့ တိုင်ကြားဖို့ ခက်ခဲတာလို့ ပြောဆိုပါတယ်။

“စက်ရုံတရုံလုံး အိုတီ ၂ နာရီလောက်ပဲ ခေါ်ပေမဲ့၊ Finishing ဌာနမှာ ညနက် ၁၂ နာရီကို ရက်ဆက်ခေါ်တယ်။ ဒါကိုလည်း  ထိန်းသိမ်း ပေးတာမျိုးမရှိဘူး ။ အောစူပါကို မန်နေဂျာက ညနက် အိုတီမခေါ်ဖို့ ပြောတာတောင် သူ့က ရတယ်၊ ခေါ်မယ်ဆိုတာကို ခွင့်ပြုခဲ့တာကို ကြည့်ရင် စက်ရုံဘက်က အဲဒီ အောစူပါကို ဘယ်လောက် ယုံကြည် တယ်ဆိုတာ သိနိုင်တယ်။ ဒါကြောင့် တိုင်ကြားဖို့ ခက်တာ” လို့ ပြောဆိုပါတယ်။

အလုပ်သမားများ ယုံကြည်မှုမရှိ၍ စက်ရုံထိခိုက်

အလုပ်သမားတွေကတော့ ဒီလို ငွေကြေးဖြတ်ယူတဲ့ ကြီးကြပ်ရေးမှူးတွေနဲ့ လက်တွဲ အလုပ်မလုပ်လိုဘဲ ထုတ်ပယ်ဖို့ အထိ တောင်းဆိုခဲ့ပါတယ်။ ဒီလိုတောင်းဆိုတာက စက်ရုံအတွက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဒီလိုခေါင်းဆောင်မျိုး ရှိနေတာက အလုပ်သမားတွေက စက်ရုံကို မယုံကြည်တော့ဘူး။ စက်ရုံဘက်ကလည်း အလုပ်သမားသမားတွေကို အလေးမထားဘူး။ ဖိနှိပ်တာမျိုးကိုလည်း မတားစီးဘူးလို့ အလုပ်သမားတွေက မြင်သွားတယ်။ အခု အဖြစ်အပျက်မှာ ၃ လအတွင်း အလုပ်သမား ၂၀ ကျော် ၃၀ နီးပါး အလုပ်ထွက်သွားတယ်။ ဒီထဲမှာ ကျွမ်းကျင် ဝန်ထမ်းတွေ အများကြီးပါသွားတာ ။ စက်ရုံအတွက် နစ်နာတာတွေပါပဲ။” လို့  အဲဒီ အလုပ်သမား က ပြောပါတယ်။

အထည်ချုပ် ကြီးကြပ်ရေးမှူး အဆင့် စူပါတွေ ၊ အောစူပါတွေက ငွေကြေးဖြတ်တောက်မှုကို ပုံစံမျိုးစုံနဲ့ လုပ်နေကြ တယ်လို့လည်း တခြားအလုပ်သမားတွေ ပြောဆိုပါတယ်။

“တစ်ကတ် စနစ်တွေမှာဆို အဲလိုဖြတ်တာတွေ တွေ့ရတယ်။ ပွိုင့်သေးသမားက ပိုက်ဆံပိုရလို့ဆိုပြီး ပိုက်ဆံဖြတ် တာတွေလည်း။ နောက်လူမစုံလည်း ဟာဝါလီ အပြည့်ချုပ်ခိုင်းပြီး ပိုက်ဆံဖြတ်ယူတာမျိုးတွေလည်း လုပ်တာ။ ပုံစံအမျိုးမျိုးပါပဲ ။ အဆိုးဆုံးက အလှူတွေ အကြောင်းပြ ဖြတ်ယူတာတွေပေါ့။ ဘာဝယ်မယ်၊ ဘာလုပ်မယ်ဆိုပြီး အလုပ်သမားတွေရဲ့ ပိုက်ဆံတွေကို သုံးနေတာတွေပေါ့။ စက်ရုံတွေဘက်ကလည်း ကြပ်မတ်တာမရှိဘူး ။ မရှိလို့ လည်း ဒီလိုတွေ ဖြစ်နေတာပါ” လို့ တခြား စက်ရုံ သမဂ္ဂအဖွဲ့ဝင်တဦး က ပြောပါတယ်။

ငွေကြေးဖြတ်ယူတယ်ဆိုတဲ့ အောစူပါကတော့ Myanmar Qi Yuan အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေသူဖြစ်ပြီး စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန်  ၁ မှာ အလုပ်သမား ၅၀၀ ဝန်းကျင်နဲ့ လည်ပတ်နေပါတယ်။ ဒီစက်ရုံကို တရုတ်နိုင်ငံသားတွေ တိုက်ရိုက်အုပ်ချုပ်နေပြီး အထည်မျိုးစုံ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

တလအတွင်း စက်ရုံ ၁၉ ရုံသတင်းများ ဖော်ပြခဲ့

100%

Figure 2 - နိုဝင်ဘာလအတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံများနှင့် ချိုးဖောက်မှုများ

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း Myanmar Labour News မှာ အလုပ်သမားများ နှင့် ပတ်သက်တဲ့ သတင်းပေါင်း ၃၃ ပုဒ်ဖော်ပြခဲ့ပါတယ်။ ဒီထဲမှာ စက်ရုံအလုပ်ရုံ ၁၉ ရုံရဲ့ သတင်း  ၂၁ ကြိမ်ဖော်ပြခဲ့ပါတယ်။

ဖော်ပြထားတဲ့ စက်ရုံတွေရဲ့သတင်းတွေမှာ အချိန်ပိုခေါ်ယူမှုနဲ့ ချိုးဖောက်ခံရတယ်လို့ တိုင်ကြားခံခဲ့တဲ့ စက်ရုံပေါင်း ၆ ရုံရှိပါတယ်။ အဲ့ဒီစက်ရုံတွေကတော့ လှိုင်သာယာစက်မှုဇုန် ၁ က Myanmar Qi Yuan အထည်ချုပ်စက်ရုံ၊ လှိုင်သာယာစက်မှုဇုန် ၂ က Myanmar Zande အထည်ချုပ် စက်ရုံ၊ လှိုင်သာယာ စက်မှုဇုန် ၃ က YUHUA အထည်ချုပ်စက်ရုံ၊ ရွှေလင်ဗန်း စက်မှုဇုန်က TIAN YU ဖိနပ်စက်ရုံ၊ BOHUA FASHION အထည်ချုပ်စက်ရုံ နဲ့ မင်္ဂလာဒုံမြို့နယ်ထဲက Lon John International အထည်ချုပ်စက်ရုံတွေ ဖြစ်ကြပါတယ်။

Myanmar Zande  စက်ရုံ က ZARA၊ INDITEX တံဆိပ် အထည်တွေ ချုပ်လုပ်နေပြီး ၊ TIAN YU ဖိနပ်စက်ရုံက H&M တံဆိပ်ကို ချုပ်နေတာလို့ သိရပါတယ်။

အချိန်ပို ခေါ်ယူမှုပတ်သက်ပြိး အဓိက ချိုးဖောက်တဲ့ အချက်တွေကတော့ ကြိုတင်ပြော ကြားခြင်းမရှိတာနဲ့ ဆန္ဒမပါဘဲ လုပ်ကိုင်ရတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ညနက်အထိ ရက်ဆက် လုပ်ကိုင်ဖို့ ဖိအားပေးခိုင်းတာတွေ၊ အချိန်ပိုကြေး မပေးတာနဲ့ အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ဖြစ်ပါတယ်။

ခွင့်မပေးသည့် စက်ရုံများ

တလအတွင်းဖော်ပြခဲ့တဲ့ သတင်းတွေထဲမှာ ခွင့်မပေးဘူးဆိုတဲ့  စက်ရုံအလုပ်ရုံပေါင်း ၁၁ ရုံ ရှိခဲ့တာကြောင့် ချိုးဖောက်မှုအများဆုံး ကဏ္ဍတခု အဖြစ်ပါဝင်ပါတယ်။

အဲဒီ စက်ရုံတွေက ပဲခူးစက်မှုဇုန် အခြေစိုက် အထည်ချုပ် စက်ရုံတွေဖြစ်တဲ့ GNS (Bago) Healthcare Co,Ltd နဲ့ Karisma Apparel (myanmar) Co.,ltd၊ ရွှေလင်ပန်းစက်မှုဇုန်က TIAN YU နဲ့ BOHUA FASHION စက်ရုံ၊ ရွှေသံလွင် စက်မှုဇုန်က လက်အိတ်ချုပ် စက်ရုံ TAKASHIMA SPORTS CO,LTD၊ ဝါးတရာစက်မှုဇုန်က အထည်ချုပ် စက်ရုံ Sheng Mei Garment Co;Ltd၊ မြစိမ်းရောင်စက်မှုဇုန်က ပန်းချီဘောင်ထုတ်လုပ်တဲ့ Yangon Art Materials Incorporation Limited၊ လှိုင်သာယာစက်မှုဇန် ၁ က အထည်ချုပ်စက်ရုံ Nexstar ၊  လှိုင်သာယာစက်မှုဇုန် ၂ က အထည်ချုပ်စက်ရုံ Kamcaine MFG (Myanmar) Co,LTD၊ မင်္ဂလာဒုံမြို့နယ်ထဲက အထည်ချုပ် စက်ရုံ Lon John International  နဲ့ ရွှေပြည်သာမြို့နယ်ထဲ အထည်ချုပ် စက်ရုံ Myanmar Tiannan တို့ ဖြစ်ကြပါတယ်။

ဒီစက်ရုံတွေထဲက Karisma Apparel (myanmar) Co.,ltd က Zara ၊ Karisma Apparel (myanmar) Co.,ltd က LIDL ၊ Myanmar Tiannan က FSBN USA၊ BLACK SQUAD ၊ Nexstar က JohnBaner၊ Women Secret နဲ့ Sheng Mei Garment C.,Ltd က FB SISTER၊ CLOSSHI၊ Sinsay ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

ခွင့်နဲ့ပတ်သက်ပြီး စက်ရုံတွေဘက်က အလုပ်သမားတွေအခွင့်အရေးချိုးဖောက်တဲ့ အဓိက အချက်တွေကတော့ ဥပဒေပါ ခွင့်ရက်တွေကို မပေးတာ၊ ဥပဒေပဒေမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပေမဲ့ ခွင့် ရယူဖို့ ခက်ခဲအောင် ပြုလုပ်ထားတွေ ဖြစ်ပါတယ်။ အလုပ်သမားတွေကို ခွင့်မပေးဘဲ ရက်ပျက် သတ်မှတ်ပြီး အဲဒီ ရက်တွေအတွက် ရပိုင်ခွင့် ဒေကြေး၊ ရက်မှန်ကြေးတွေကို  ဖြတ်တောက်တာတွေပါ စက်ရုံအလုပ်ရုံတွေက ပြုလုပ်ကြတယ်လို့ အလုပ်သမားတွေက ပြောဆို ထားပါတယ်။

100%

Figure 3 - အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် လုပ်ငန်းအမျိူးအစားများ

အလုပ်သမားများ ရပိုင်ခွင့် ငွေကြေးအား ဖြတ်တောက်

မြန်မာနိုင်ငံက အလုပ်သမားတွေဟာ တနေ့ အလုပ်ချိန် ၈ နာရီ လုပ်ကိုင်ရပြီး အဲဒီအတွက် ကျပ် ၄၈၀၀ ရရှိကြ ပါတယ်။ ကျင့်သုံးနေဆဲ  အလုပ်သမားဥပဒေမှာ သတ်မှတ် ခွင့်ရက်ရယူခဲ့ပါက အဲ့ဒီရက်အတွက် အကျိုးခံစားခွင့် ပေးရမယ်လို့ ပြဌာန်းထားပါတယ်။ လက်တွေ့မှာတော့ အဲလို့ ခွင့်လည်းမရလို့ ရက်ပျက်သတ်မှတ်တဲ့ အပြင် ခွင့်ယူပါကလည်း အဲဒီနေ့အတွက် ရရှိရမဲ့ ငွေကြေးတွေနဲ့ တခြားရပိုင်ခွင့် ငွေကြေးပါ ဖြတ်တောက်ခံနေရတာ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ ငွေကြေး ရပိုင်ခွင့် ဖြတ်တောက်ခဲ့လို့ သတင်းဖော်ပြခဲ့တဲ့ စက်ရုံပေါင်း ၁၃ ရုံရှိတာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အချိုးဖောက်မှု အများဆုံးဖြစ်ပါတယ်။

ငွေးဖြတ်တောက်ရမှုတွေကို စက်ရုံတွေဘက်က လုပ်ဆောင်တာတွေ ရှိသလို ၊ ကြီးကြပ်ရေးမှူးတွေက ကျင့်ဝတ် ဖောက်ဖျက် ရယူခဲ့တာတွေတွေ့ရတာလည်း  ဖြစ်ပါတယ်။ စက်ရုံ‌တွေကဘက်က လုပ်ဆောင်ရာမှာ အများစုကတော့ ခွင့်မပေးလို့ ရက်ပျက် အဖြစ် သတ်မှတ်ပြီး ငွေကြေး ဖြတ်တောက်တာနဲ့ အချိန်ပိုလုပ်ကိုင်ခိုင်းပြီး အချိန်ပိုက မပေးတာတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။  

အလုပ်သမားတွေရဲ့ ရပိုင်ခွင့် ငွေကြေးကို ဖြတ်တောက်တယ်ဆိုတဲ့ စက်ရုံတွေကတော့ GNS (Bago) Healthcare Co,Ltd၊ Kamcaine MFG (Myanmar) Co,LTD၊ TAKASHIMA SPORTS CO.,LTD ၊ Karisma Apparel (myanmar) Co.,ltd၊ Myanmar Tiannan ၊ Myanmar Zande ၊ Nexstar ၊ Lon John International ၊ TIAN YU ၊ BOHUA FASHION ၊ CHEUNG HING MYANMAR နဲ့ Myanmar Qi Yuan စတဲ့ စက်ရုံတွေဖြစ်ပါတယ်။

CHEUNG HING MYANMAR စက်ရုံကတော့  ဝါးတရာစက်မှုဇုန် မှာ လုပ်ကိုင်နေပြီး NEXT ၊ CARTH ၊ CELIO တံဆိပ်တွေ ချုပ်လုပ်ပါတယ်။ Myanmar Qi Yuan စက်ရုံကတော့ လှိုင်သာယာစက်မှုဇုန် ၁ က ဖြစ်ပြီး ကြီးကြပ်ရေးတဦးက အလုပ်သမားတွေရဲ့ လုပ်ခလစာကို ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

100%

Figure 4 - အလုပ်သမားများအပေါ် ချိုးဖောက်မှုရှိသည့် စက်ရုံများတွင် ချုပ်လုပ်သည့် ကုန်အမှတ်တံဆိပ်များ

အလုပ်ထုတ်မှုများ

ဖော်ပြထားတဲ့ အလုပ်သမားတွေအပေါ် ချိုးဖောက်ခဲ့တဲ့ သတင်းတွေထဲမှာ ဥပဒေမဲ့ အလုပ်ထုတ်တဲ့ အမှုတွေ လျော့ကျသွားပေမဲ့ ရှိနေဆဲ ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း အလုပ်ထုတ်မှုတွေ ရှိတယ်ဆိုတဲ့ စက်ရုံ ၄ ရုံကတော့ Myanmar Tiannan ၊ Myanmar Zande ၊ Lon John International နဲ့ BOHUA FASHION စတဲ့ အထည်ချုပ် စက်ရုံတွေ ဖြစ်ပါတယ်။

အဲဒီ အလုပ်ထုတ်မှုတွေထဲမှာ အစမ်းခန့် လုပ်သက် ၃ ပြည့်တဲ့ အလုပ်သမားတွေကို အလုပ်ထုတ်တာ၊ ကိုယ်ဝန်ဆောင် အလုပ်သမားတွေကို အလုပ်ထုတ်တာ နဲ့ ခွင့်ပျက် ဝမ်တိန်ထိုးခိုင်းပြီး အလုပ်ထုတ်တာတွေကို ဥပဒေမဲ့  လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ 

ဆဲဆို ခိုင်းစေမှုများ 

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ဆဲဆို ခိုင်းစေမှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး စက်ရုံ ၅ ရုံမှာ ဖြစ်ပွားနေတယ်လို့ သတင်း ဖော်ပြထားပါတယ်။

ဆဲဆို ခိုင်းစေမှုရှိတဲ့ စက်ရုံတွေကတော့ GNS (Bago) Healthcare Co.,Ltd ၊ Kamcaine MFG (Myanmar) Co.,LTD၊ Myanmar Zande ၊ Lon John International ၊ BOHUA FASHION စတဲ့ အထည်ချုပ် စက်ရုံတွေ ဖြစ်ပါတယ်။

ဆဲဆိုမှုတွေ ပြုလုပ်သူတွေကတော့ ကြီးကြပ်ရေးမှူး၊ စူပါနဲ့ အောစူပါတွေ ဖြစ်ကြတယ်လို့ Myanmar Labour News က သိထားရပါတယ်။ 

ဖိအားပေး ခိုင်းစေမှုများ 

စက်ရုံအလုပ်ရုံတွေရဲ့ ဖိအားပေးခိုင်းစေမှုတွေကတော့ ပုံစံအမျိုးမျိုး အဖြစ်အပျက်အမျိုးမျိုးနဲ့ ရှိနေပေမဲ့ ချိုးဖောက်ခံရသူ အလုပ်သမားတွေကိုယ်တိုင် မသိလိုက်ကြတာကို Myanmar Labour News မှတ်တမ်းတခုအဖြစ် ပြုစုထားပါတယ်။

စံချိန်တောင်းတာမပြည့်လို့ အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ ဝမ်တိန်ထိုးခိုင်းပြီး လုပ်ငန်းခွင်မှာ ချိတ်ဆွဲပြသတာ၊ ငွေကြေးဖြတ်တောက်တာ၊ ရက်ပျက်ပါက အလုပ်ထွက်ခိုင်းတာ၊ EC စာချုပ်မှာ မပါတဲ့ စည်းကမ်းချက်တွေကို ဖောက်ဖျက်တယ်ဆိုပြီး ဝမ်တိန်ထိုးခိုင်းတာ၊ အချိန်ပိုလုပ်ကိုင်ဖို့ ခြိမ်းခြောက်တာ၊ အလုပ်ဝင်ရက် နောက်ကျသူတွေကို လူသစ်အဖြစ် သတ်မှတ်တာ၊ အချိန်ပို မဆင်းလို့ အပြစ်ပေးတာ၊ စစ်တပ်ခေါ် ဖမ်းခိုင်းမယ်ဆိုပြီး ဖိအားပေးခိုင်းစေတာနဲ့ အလုပ်သမားရုံးတိုင်ကြားသူတွေကို အလုပ်နေရာရွှေ့ပြောင်း ဖိအား ပေးတာ စတဲ့ ဖိအားပေးခိုင်းစေတာတွေရှိတယ်ဆိုတာ တွေ့ရပါတယ်။

လုပ်ငန်းခွင်အတွင်း ဖိအားပေးစေခိုင်းမှုတွေ ရှိတဲ့ စက်ရုံအလုပ်ရုံတွေကတော့ GNS (Bago) Healthcare Co,Ltd ၊ Kamcaine MFG (Myanmar) Co,LTD ၊ TAKASHIMA SPORTS CO,LTD ၊ Yangon Art Materials Incorporation Limited ၊ Myanmar Tiannan ၊ Myanmar Zande ၊ Nexstar ၊ Lon John International ၊ BOHUA FASHION နဲ့  Sheng Mei Garment Co;Ltd စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။ 

လုပ်ငန်းခွင် ကောင်းမွန်ခြင်းမရှိ

ကုန်ထုတ်လုပ်မှု မြင့်တက်ဖို့ လုပ်ငန်ခွင်ကောင်းမွန်ရေးဟာ အရေးကြီးတဲ့အပိုင်းက ပါဝင်တယ်ဆိုတာ အားလုံး လက်ခံကြရမှာပါ ။ လုပ်ငန်းခွင် သက်တောင့်သက်သာဖြစ်ဖို့၊ အေးချမ်း ပျော်ရွင်ဖို့ကတော့ အလုပ်ရှင်တွေ ဖန်တီးပေးရမယ့် အရာတွေဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ပြဌာန်း ကျင့်သုံးဆဲ အလုပ်သမား ဥပဒေတွေမှာလည်း လုပ်ငန်းခွင့်ကောင်းမွန်ဖို့ အချက်တွေကို ထည့်သွင်းပြဌာန်းထားပါတယ်။

 မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေကတော့ ဒီလို အချက်တွေကို လျစ်လျူရှုထားတာကိုလည်း တွေ့ရပါတယ် ။ တချို့အချက်တွေမှာဆိုရင် EC စာချုပ်မှာ ထည့်သွင်းချုပ်ဆိုတားလျက်နဲ့ကို လုပ်ငန်းရှင်ဖက်က ဖောက်ဖျက် တာတွေလည်း ရှိနေပါတယ်။

နိုဝင်ဘာလအတွင်း ဥပဒေပါ လုပ်ငန်းခွင်ကောင်းမွန်ရေး အချက်တွေကို လိုက်နာမှုမရှိတဲ့ စက်ရုံသတင်း ၅ ပုဒ်ကို ဖော်ပြခဲ့ပါတယ်။ အဲဒီ စက်ရုံတွေကတော့ Kamcaine MFG (Myanmar) Co.,LTD ၊ Karisma Apparel (myanmar) Co.,ltd ၊ Myanmar Tiannan ၊ BOHUA FASHION နဲ့ Cherry Apparel (Myanmar) Co.,Ltd တို့ ဖြစ်ပါတယ်။

ဒီစက်ရုံတွေထဲက Cherry Apparel (Myanmar) Co.,Ltd  အထည်ချုပ် စက်ရုံက အနော်ရထာစက်မှုဇုန်မှာ ရှိပြီး FieldCore တံဆိပ် အထည်တွေ ချုပ်လုပ်နေတာပါ။

လုပ်ငန်းခွင်အတွင်းမှာ ရေအိမ်တွေ အသုံးပြုဖို့ မသင့်တော်တာ ၊  ကြိုပို့ယာဉ်တွေကို ဥပဒေပါ အတိုင်း ဆောင်ရွက် မပေးတာ ၊ စက်ရုံအတွင်း ဆေးခန်းမရှိတာနဲ့ ဆေးမရတာတွေက အဲဒီ စက်ရုံတွေရဲ့ လုပ်ငန်းခွင် တွေမှာ ဖြစ်တယ် လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

100%

Figure 5 - အလုပ်သမားအခွင့်အရေးချိုးဖောက်မှုရှိသည့် စက်မှုဇုန်များ

စက်ရုံသမဂ္ဂများအား ဖြိုခွဲ 

စက်ရုံ သမဂ္ဂတွေကတော့ စက်ရုံအလုပ်ရုံတွေနဲ့ အလုပ်သမားတွေကြား ညှိနှိုင်းရေးအဖွဲ့လို ဆောင်ရွက်ကြပေမဲ့ အလုပ်ရုံ ပိုင်ရှင်တွေ၊ တာဝန်ရှိသူတွေကတော့ လက်ရှိအချိန်အထိ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားဟန် မရှိကြပါဘူး ။

ဒီလို မလိုလားတဲ့အပြင် သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်တဲ့ နည်းလမ်းတွေနဲ့ ဖြိုခွဲဖို့ ကြိုးပမ်းတာကိုလည်း တွေ့ ရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတွင်း သမဂ္ဂဖြိုခွဲခဲ့တဲ့ စက်ရုံ ၃ ရုံ ရဲ့ သတင်းကို ၄ ကြိမ်ဖော်ပြခဲ့ပါတယ်။  စက်ရုံနေရာပြောင်း ဖွင့်လှစ်ပြီး သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ပြန် မခန့်တာ၊  တခြားစက်ရုံအလုပ်ရုံတွေမှာ အလုပ်မခန့်အောင် ပြောဆို ထားတာ၊ ဆန္ဒပြလို့ တရားစွဲပြီး တရားရှုံးတာကို EC စာချုပ်နဲ့ ညှိစွန်းတယ်လို့ ပြောဆိုကာ သမဂ္ဂ ခေါင်းဆောင် တွေကို အလုပ်ထုတ်တာ စတဲ့ နည်းလမ်းတွေနဲ့ သမဂ္ဂဖြိုခွဲ  လုပ်ဆောင်ခဲ့ကြပါတယ်။

 ဝါးတရာစက်မှုဇုန်ကနေ ပိတ်သိမ်းခဲ့တဲ့  Yangon Fukuyama Apparel (YFA) အထည်ချုပ် စက်ရုံကို အမည်ပြောင်း နေရာပြောင်းပြီး ငွေပင်လယ် စက်မှုဇုန်မှာ LONGZHISHANG SDI MANUFACTURING CO.,LTD အမည်နဲ့ ဖွင့်လှစ် ခဲ့ကာ  သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ပြန်မခန်တဲ့ အပြင် အခြားအလုပ်ရုံတွေမှာ အလုပ်မခန့်အောင် ပြောဆိုထား ခဲ့တာပါ။

ဒဂုံဆိပ်ကမ်း စက်မှုဇုန် ၁ က Myanmar Consumer Enterprise ဆပ်ပြာဆီ စက်ရုံကတော့ တရားရှုံးတဲ့ သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ကထုတ်ပြီး သမဂ္ဂဖြိုခွဲဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ် ။

နိုဝင်ဘာလအတွင်း သမဂ္ဂဖြိုခွဲမှုတွေနဲ့ အတူ စက်ရုံပိတ်ရက်တွေအတွက် လုပ်ခလစာ မပေးလိုတာ၊ တစ်ကပ် (ကတ်စနစ်) တွေမှာ အချိန်ပိုလုပ်ခ မရတာ၊ လျှပ်စစ်မီးမရလို့ စက်ရုံလည်ပတ်မှုမရှိတဲ့ အချိန်တွေကို အချိန်ပို လုပ်အားခတွေကနေ နုတ်ယူတာ စတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်မှု တွေလည်း ဖြစ်ပေါ်ခဲ့ ပါတယ်။

Download PDF

MyanmarLabourNews

Research Team