SURVEY

ကိုယ်ဝန်ဆောင်အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုနဲ့ အောက်တိုဘာလ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများ

CoverLogo
331 Views

Myanmar Labour News မှာ အောက်တိုဘာလအတွင်း ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ သတင်း  ၉ ပုဒ်၊ ဆောင်းပါး / အင်တာဗျူး ၄ ပုဒ်၊ ပြည်တွင်း အလုပ်သမားတွေ  ချိုးဖောက်ခံတဲ့ စက်ရုံ ၂၆ ရုံရဲ့ သတင်း ၃၁ ပုဒ် ကို ဖော်ပြခဲ့ပါတယ်။ 


အောက်တိုဘာလအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း အလုပ်သမားတွေ ချိုးဖောက်ခံရတဲ့ သတင်းတွေထဲမှာ ကိုယ်ဝန်ဆောင်တွေ အပေါ် ချိုးဖောက်ခဲ့တဲ့ သတင်းနှစ်ပုဒ် ပါဝင်တယ်။ ဒီသတင်းတွေထဲ က Myanmar Yangon Richang Apparel Co,Ltd. (NISHO) အထည်ချုပ်စက်ရုံအတွင်း ကိုယ်ဝန်ဆောင် အလုပ်သမား တဦးအပေါ် ချိုးဖောက်မှုကတော့ အဆိုးအဝါးဆုံး ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားဥပဒေတွေထဲမှာ ကိုယ်ဝန်ဆောင် အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ စကားလုံးတွေနဲ့ ပြဌာန်းထားပေမဲ့ ချိုးဖောက်မှုတွေ ရှိနေတာဖြစ်ပါတယ်။

Myanmar Yangon Richang Apparel Co,Ltd. (NISHO) အထည်ချုပ် စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ဝန် ၇ လရှိ အလုပ်သမား အမျိုးသမီးတဦး ကလေးမွေးဖို့ အခြေအနေ ဖြစ်ပေါ်ခဲ့တာကို ဆေးရုံ ပို့ပေးဖို့ ပျက်ကွက်ခဲ့ တာကြောင့် ကလေးငယ် သေဆုံးခဲ့ရတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 


အဲဒီအဖြစ်အပျက် က စက်တင်ဘာ  ၃၀ ရက်မှာ ဖြစ်ပွားခဲ့ပြီး မနက် ၁၀ နာရီကတည်းက ကလေးမီးဖွားနိုင်ဖို့ အတွက် ထုတ်လုပ်ရေး မန်နေဂျာဆီ ခွင့်တောင်းခဲ့ပေမဲ့ ပြန်ခွင့်မရခဲ့တာပါ။ နားနေခန်းတခုအတွင်း ပို့ဆောင် ပေးထားပေမဲ့  နေလယ် ၁ နာရီမှာ ရေမွှာပေါက်တဲ့ အထိ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် ညနေ ၃ နာရီလောက်မှာ ကလေးငယ်ဟာ မိခင် ဝမ်းအတွင်းမှ စထွက်လာပေမဲ့  ညနေ ၄ နာရီမှသာ ဆေးရုံပို့ပေးခဲ့တာကြောင့် ကလေးငယ် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။


Myanmar Labour News မှာ ဒီသတင်းကို အောက်တိုဘာ ၁၃ ရက်မှာ ဖော်ပြခဲ့တာကြောင့် စက်ရုံဘက် က နှစ်ပတ်ကြာတဲ့အထိ တာဝန်ယူမှု တာဝန်ခံမှု မရှိတာက ထင်ရှားပါတယ်။ ဒါ့အပြင် ကာယကံတွေက တောင်းဆို မှုတွေ ရှိခဲ့လို့ စက်ရုံဘက်တော့ ကျင့်ဝတ်နဲ့  ဥပဒေအရပါ ချိုးဖောက်ခဲ့တာဖြစ်ပါတယ်။ 


ဒီစက်ရုံကတော့ JAVA၊ CIAOPANIC TYPY၊ HONEY SUCKLE ROSE၊ grove၊ AZUL BY MOUSSY၊ RODEO CROWNS WIDE BOWL၊ RIGHT ON၊ HanGTen ၊ CANADA DUCK DOWN၊ H-ESSENTIAL၊ Fieldcore၊ Nano
စတဲ့ ကုန်အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေပါတယ်။ 


ဥပဒေနဲ့ မညီတဲ့ စည်းကမ်း သတ်မှတ်ချက်တွေကို တရားသေ ကိုင်ဆွဲထားတဲ့ အုပ်ချုပ်ရေး ဝန်ထမ်းတွေကြောင့် အခုလို အသက်တချောင်း ဆုံးရှုံးရတဲ့အထိ ဖြစ်ပွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံစည်းမျဉ်းတွေနဲ့ ပတ်သက်ရင် ဥပဒေနဲ့ ညီညွတ်မှုရှိမရှိ ဆန်းစစ်ဖို့ လိုအပ်သလို ဂိတ်ပတ်စ်နဲ့ ရဖို့ခက်ခဲတဲ့ စက်ရုံတွေအတွက် သတိထားရမဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ 
ပဲခူးအခြေစိုက် Kfine International Garment (Myanmar) Co.,Ltd. အထည်ချုပ်စက်ရုံနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ထုတ်ပြန်ထားတဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ “ကိုယ်ဝန်ဆောင် အမျိုးသမီးများ အား မီးဖွားခွင့် နှင့် လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ပေးထားကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား အလုပ်မှထွက်ခိုင်းခြင်းဆိုသည်မှာ မှန်ကန်မှုမရှိပါကြောင်း” ဆိုပြီး ပါရှိပါတယ်။ 


ဒါပေမဲ့ အောက်တိုဘာလမှာတာ့ Myanmar Labour News ကိုပေးပို့တဲ့ စက်ရုံအလုပ်သမားတွေရဲ့ တိုင်ကြားမှု နှစ်ကြိမ်မှာတော့ ကိုယ်ဝန်ဆောင် အလုပ်သမားတွေ အပေါ် ချိုးဖောက်မှု ရှိတယ်ဆိုပြီး ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင် အလုပ်သမားတွေအပေါ် ချိုးဖောက်ရာမှာ အုပ်ချုပ်ရေးနဲ့ ဆက်စပ်တဲ့ ကြီးကြပ်ရေးမှူး ၊ စကားပြန်၊ ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းတွေအထိ ပါဝင်တယ်လို့လည်း ပြောဆိုထားပါတယ်။  


ဖူလုံရေးကြေးဆောင်ထားတဲ့ ကိုယ်ဝန်ဆောင်တွေကို အလုပ်ကနေ နုတ်ထွက်စာ အတင်းအကျပ် တင်ခိုင်းတာ။ အလုပ် အဆင်းအတက် ကိုယ်ဝန်ဆောင်တွေကို ဦးစားမပေးတာ။ စကားပြန်တွေက ကိုယ်ဝန်ဆောင်တွေနဲ့ အပြိုင် ဖယ်ရီ ခုံလုတာ။ စက်ရုံကို အလုပ်သမားစစ်ဆေးရုံးက လာရောက်စစ်ဆေးပါက ကိုယ်ဝန်ဆောင် အလုပ်သမား တွေကို သက်သာတဲ့ အလုပ်ကို ဟန်ပြ ခိုင်းစေတာ၊ အဲဒီလိုခိုင်းစေရာမှာ ရုံးခန်းက ခုံ အကောင်းနဲ့ ဟန်ပြ လုပ်ကိုင် ခိုင်းပြီး ၊ စစ်ဆေးအဖွဲ့ပြန်ပါက ခုံကို ပြန်သိမ်းကာ ကိုယ်ဝန်ဆောင် အလုပ်သမားကိုလည်း မူလ အတိုင်း စံချိန်ပြီး အောင် ချုပ်လုပ်ရတာတွေ ရှိတယ်ဆိုပြီး တိုင်ကြားခဲ့ကြပါတယ်။ 
ဒါ့အပြင် အောစူပါ ဇင်မာမြင့်ဆိုသူက  ‘’ငါတို့ စက်ရုံက ဗိုက်ကြီးသည် လက်မခံဘူးဆိုတာ နင်တို့ သိတယ်နော်’’ လို့ ပြောပြီး  ထွက်စာ တင်ခိုင်းတယ်ဆိုပြီး အလုပ်သမားက တိုင်ကြားခဲ့ပါတယ်။ 


ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း Kfine စက်ရုံကို အလုပ်သမားတွေအပေါ်ချိုးဖောက်မှုတွေအတွက် ဝန်ကြီးဌာနဘက် အရေးယူမှုတွေရှိခဲ့ပြီးနောက် အဲဒီတိုင်ကြားမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး အလုပ်သမား တချို့ကို အလုပ်က ထုတ်ခဲ့ တဲ့ အပြင် နောက်အလုပ်တွေ လုပ်ကိုင်ဖို့ ခက်ခဲအောင်အထိ ပြုလုပ်ခဲ့ပါတယ်။ 


လက်ရှိ စက်ရုံ အုပ်ချုပ်ရေးတာဝန်ရှိသူ အပြောင်းအလဲတွေ ပြုလုပ်ထားပေမဲ့လည်း စက်ရုံစည်းကမ်းတချို့ကို တော့ အလုပ်သမားတွေက ကျေနပ်မှုမရှိကြပါဘူး။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို မြန်မာ လူမှုအဖွဲ့အစည်းနဲ့ နိုင်ငံတကာမှာပါ ဦးစားပေးတဲ့ အလေ့အထ ရှိသလို ခံစားခွင်တွေကိုလည်း မြန်မာနိုင်ငံက လူမှုဖူလုံရေးဥပဒေထဲမှာ စကားလုံးအတိအကျနဲ့ ပြဌာန်းထားပါတယ်။ 


နောက်ထပ် ကိုယ်ဝန်ဆောင်တွေကို ခွင့်မပေးဘူးဆိုပြီး တိုင်ကြားခံရတဲ့ စက်ရုံကတော့ စားသောက်ကုန်တွေ ထုတ်လုပ်တဲ့ EVER SUNNY INDUSTRIAL COMPANY. LTD ဖြစ်ပါတယ်။ ဒီစက်ရုံကတော့ အလုပ်သမားတွေကို အေဂျင်စီကနေတဆင့် ငှားရမ်း ခိုင်စေတယ်လို့ နားလည်ရပါတယ်။ ဒါကြောင့် လစဉ် အေဂျင်စီအတွက် လုပ်ခ လစာထဲက ငွေကြေးတချို့ကို ဖြတ်တောက်တယ်လို့လည်း အလုပ်သမားတွေက ပြောကြားထားတဲ့အပြင် ဘယ်ခွင့်အမျိုးအစားကိုမှ မခံစားရဘူးလို့လည်း အလုပ်သမားတွေက ပြောဆိုခဲ့ပါတယ်။ ပုံ - ၁

  • ခွင့်မရ၍ ရက်ပျက်၊ ရက်ပျက်ဆိုပြီး ရပိုင်ခွင့် ဖြတ်တောက်


မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေထဲမှာ ခွင့်အမျိုးအစားတွေကို တိတိကျကျ သတ်မှတ်ပေးထားပါတယ်။ ဒါ့အပြင် လခစား၊ နေ့စား၊ ပုတ်ပြတ်အလုပ်သမားဆိုပြီး အမျိုးအစားခွဲခြားဖော်ပြထားပေမဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကတော့ အားလုံးတန်းတူရရှိရမယ်လို့ ဖော်ပြထားပါတယ်။


ဒါပေမဲ့ ကျင့်ဝတ်မဲ့တဲ့ ပုဂ္ဂိုလ်တချို့နဲ့  ဥပဒေကို နားမလည်ဘဲ လိုသလို ပုံဖော်ကြလို့ အလုပ်သမားတွေမှာ များစွာ နစ်နာ ကြရတာပါ ။ အလုပ်သမားတွေရဲ့ အလုပ်စဝင်ကတည်းက တနှစ်အတွင်း ရယူနိုင်ခွင့်ကတော့ ရှောင်တခင် ခွင့် ၆ ရက်နဲ့ ဆေးလက်မှတ်ခွင့်တွေ ဖြစ်ပါတယ်။ လုပ်သက် တနှစ်ပြည့်ဆိုရင်တော့ လုပ်သက်ခွင့် ၁၀ ရက်ကို ထပ်မံ ရရှိမှာ ဖြစ်ပါတယ်။ 
ဒီလုပ်သက်ခွင့် ၁၀ အတွက်ကို မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံ ရာနှုန်းပြည့်နီးပါးက  နှစ်ကြေးဆိုပြီး ပေးလေ့ ရှိပါတယ်။ စက်ရုံတချို့ကတော့ ဒီနှစ်ကြေးက လုပ်သက်ခွင့်အတွက်ဆိုပြီး ပြောဆိုတာရှိပေမဲ့ စက်ရုံအများစု ကတော့ အလုပ်သမားတွေအတွက် ချီးမြှင့်ငွေဆိုပြီး ပြောဆိုပြီးပေးတာတွေရှိပါတယ်။ 


ဘာလိုပဲပြောပြော အလုပ်သမားတွေအတွက် လုပ်သက်ခွင့် ၁၀ ရက်တော့ ငွေနဲ့ အလဲခံရပြီး အဲဒီခွင့် မရတော့တာ များပါ တယ်။ အလုပ်သမားတွေမှာ ဆန္ဒရှိတယ်ဆို လုပ်သက်ခွင့်ကို ငွေကြေးနဲမလဲဖို့ အခွင့်အရေးလည်း ရှိပါ တယ်။ လုပ်သက်ခွင့်ကုန်ပြီဆိုပါက ရှောင်တခင်ခွင့်နဲ့ ဆေးလက်မှတ်ခွင့်တွေရှိပါတယ်။ ဒါက ဥပဒေက သတ်မှတ် ပေးထားတာပါ။ ရှောင်တခင်ခွင့်ဆိုတော့ တနှစ်အတွင်း အသုံးပြုနိုင်ပြီး  နောက်နှစ် ကူးသွားပြီဆိုတော့ ပျက်ပြယ် ပါတယ်။ လက်ရှိနှစ်အတွက် ရှောင်တခင်ခွင့်ပဲ ရယူနိုင်ပါတယ်။ 


လက်ရှိမှာတော့ ဒီလို ခွင့်တွေ အလုပ်သမားတွေမရကြပါဘူး ။ မြန်မာနိုင်ငံက စက်ရုံအများစုက ခွင့်ယူဖို့ ခက်ခဲ အောင် အဆင့်အမျိုးမျိုး သတ်မှတ်ထားတာ ၊ တချို့စက်ရုံတွေ ကတော့ လုံးဝ မပေးတာ၊ တချို့ စက်ရုံတွေ ကတော့ အလုပ်ဖြုတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတာတွေ ဖြစ်ပါတယ်။ 


ဒီလို့နည်းနဲ့ ခွင့်မရတဲ့ အလုပ်သမားတွေကတော့ ရက်ပျက်ဆိုပြီး သတ်မှတ်ခံရပါတယ်။ အထည်ချုပ်စက်ရုံမှာ ရက်ပျက် သတ်မှတ်ပြီ ဆိုရင်တော့ ဒေးကြေး၊ ရက်မှန်ကြေး ဖြတ်တောက်ခံရပြီး တချို့စက်ရုံတွေက ဂရိတ်ကြေး ဖြတ်တာ၊ ဂရိတ်အဆင့်ချတာတွေပါ ပြုလုပ်ကြပါတယ်။ တချို့အလုပ်သမားတွေဟာ တရက်ပျက်လို့ သတ်မှတ်ခံ ရတာနဲ့ ကျပ် ၃၀၀၀၀ ကနေ့ ၅၀၀၀၀ ဝန်းကျင်အထိ ဖြတ်ထောက်ခံရပါတယ်။

 
အောက်တိုဘာလအတွင်း ခွင့်နဲ့ ပတ်သက်တဲ့ ချိုးဖောက်မှုတွေရှိတယ်ဆိုပြီး Myanmar Labour News ကို တိုင်ကြားထားတဲ့ စက်ရုံပေါင်း ၇ ရုံ ရှိပါတယ်။ 


အဲဒီ စက်ရုံတွေကတော့ ရွှေသံလွင်စက်မှုဇုန် က EVER SUNNY INDUSTRIAL COMPANY LTD၊ မြောင်းတကာ စက်မှုဇုန်က TONG YING HK(Garment)နဲ့ Wonderful Apparel၊ ၊ ပဲခူးစက်မှုဇုန်က Jafon ၊ အနော်ရထာစက်မှုဇုန်က  GOLDEN FASHION၊ လှိုင်သာယာစက်မှုဇုန် က ALLAND FASHION LIMITED နဲ့ ရွှေလင်ဗန်းစက်မှုဇုန်က  Myanmar Morning Flower Garment (MMF) တို့ စတဲ့ စက်ရုံတွေ ဖြစ်ကြပါတယ်။  (ပုံ -၂)


အလုပ်ထုတ်မှုတွေ ဘယ်က စပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ အလုပ်ထုတ်မှုတွေ ရှိတယ်ဆိုပြီး အလုပ်သမားတွေက တိုင်ကြားလို့ Myanmar Labour News မှာ သတင်းဖော်ပြခဲ့တဲ့ စက်ရုံပေါင်း ၄ ရုံ ရှိပါတယ်။ 


အဲဒီ စက်ရုံထဲက H&M တံဆိပ် ချုပ် TONG YING HK(Garment) က အောစူပါ၊ စူပါတွေဟာ အလုပ်သမားတွေကို ခွင့်မပေးဘဲ အလုပ်ကနေ ထုတ်တဲ့အထိ ရမ်းကားခဲ့တာပါ။ စက်ရုံရဲ့ စည်းမျဉ်းအရ အလုပ်သမားတွေက ကြီးကြပ်ရေးမှူးတွေဆီ  ဖုန်းဆက်ပြီး ခွင့်တိုင်ကြားတဲ့အပြင် စက်ရုံအတွင်း ရောက်ရှိနေတဲ့ မိတ်ဆွေ သူငယ်ချင်း တွေကိုယ်တိုင် တဆင့် ခွင့်တိုင်ကြားခဲ့တာကိုပဲ ခွင့်အဖြစ် သတ်မှတ်ပေးတာ မရှိခဲ့ပါဘူး ။ ခွင့်အဖြစ် သတ်မှတ် မခံရတောကြောင့် အလုပ်သမားတွေရဲ့ ရပိုင်ခွင့် ဒေးကြေး၊ ရက်မှန်ကြေးအပြင် လုပ်သက်ခွင့် ၁၀ ရက်တွက် သတ်မှတ်ပေးတဲ့ နှစ်ကြေးကိုပါ ဖြတ်တောက်ခံခဲ့ရတာပါ။ 


ဒီအဖြစ်အပျက်မှာ ခွင့်မရလို့ ရက်ပျက် သတ်မှတ်ခံရပြီး ရပိုင်ခွင့်ဆုံးရှုံးရတဲ့အပြင် လုပ်သက်ခွင့် ၁၀ရက်အတွက် အခကြေးငွေကိုပါ စက်ရုံဘက်က ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ် နှစ်ရက်ဆက်ပျက်ပါကလည်း အလုပ်ထုတ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


ဒီလို  ခွင့်မပေးတာနဲ့ အလုပ်ထုတ်တာတွေကို လိုင်းစူပါတွေ၊ အောစူပါတွေ ဆုံးဖြတ်ချက်နဲ့ ပြုလုပ်ကြလို့ အလုပ်သမားတွေမှာ စက်ရုံ အုပ်ချုပ်ရေးပိုင်းနဲ့တွေ့ခွင့်မရဘဲ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ရတယ်လို့ Myanmar Labour News ကို အလုပ်သမားတွေက ပြောပါတယ်။ 


SEN YU MYANMAR အထည်ချုပ် စက်ရုံကတော့ အလုပ်သမားအသစ်ခန့်ပြီး ၃ လ အကြာမှာ အလုပ်က ထုတ်ပြီး  ပြန်ခန့်ပြီး အမြဲတမ်းဝန်ထမ်းတချို့ကိုလည်း အလုပ်ထုတ်တဲ့အပြင်၊ အချိန်ပို မဆင်းလို့ဆိုပြီး အလုပ်ထုတ်တာ တွေပါ ပြုလုပ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောကြားပါတယ်။ ရန်ကုန် ရွှေလင်ဗန်းစက်မှုဇုန်မှာ ရှိတဲ့ အဲဒီ စက်ရုံရဲ့ မန်နေဂျာ အမျိုးသမီးကတော့ ဥပဒေကို လက်တလုံးခြားပြုလုပ်ပြီး အလုပ်သမားတွေကို ဖိနှိပ်တာ ကြောင့် အလုပ်ကနေ ထုတ်ပေးဖို့ကို စက်ရုံပိုင်ရှင်ဆီ အလုပ်သမားတွေက တောင်းဆို ဆန္ဒပြတာတွေ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့ပါတယ်။ 


 ပဲခူးအခြေစိုက် KFINE INTERNATIONAL GARMENT က အောစူပါတွေကတော့ စံချိန်တိုးတောင်းပြီး အကြောင်း ကြောင့် စံချိန်မရတဲ့ အထည်ချုပ် အလုပ်သမားတွေကို သတိပေးလက်မှတ်( ဝမ်တိန်) ထိုးခိုင်းပြီး ခွဲခြားဆက်ဆံ တာတွေ ပြုလုပ်တယ်လို့ တိုင်ကြား ခံခဲ့ရပါတယ်။ ဒီလို ဖိအားပေးမှုကြောင့် အလုပ်သမားတချို့ဟာ သတိပေး လက်မှတ် သုံးကြိမ်အထိ ထိုးခဲ့ရပြီးနောက်  အဲဒီအလုပ်သမားကို အလုပ်က ထုတ်ပယ်ခဲ့တယ်လို့ တိုင်ကြားခဲ့ ကြတာပါ။ 


အချိန်ပို အောလင်းအောနိုက် လုပ်ကိုင်ခိုင်းတာကို လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားတယ်ဆိုပြီး Myanmar Bestfortune Garment စက်ရုံ တာဝန်ရှိသူက အလုပ်သမား ၅၀ ကျော်ကို နို့တစ်ပေး အလုပ်ထုတ်ခဲ့ပါတယ်။ 


ရန်ကုန်၊ ရွှေပြည်သာ စက်မှုဇုန်က အဲဒီ စက်ရုံမှာ AMISU၊ CRAFT၊ CLIQUE၊ Springfield ၊ LC WAIKIKI CLASSIC စတဲ့ ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာပါ။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက WCC ကို အကူအညီ တောင်းပေမဲ့ အဲဒီအဖွဲ့ဝင်တွေကတော့ ညှိနှိုင်းမှုတွေ ဆောင်ရွက်မပေးဘဲ အလုပ်ရှင်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ လက်ခံခဲ့ တယ်လို့ ဆိုပါတယ်။ စက်ရုံဘက်ကတော့ အွန်လိုင်းတင်ဆိုတဲ့ ယူဆချက်နဲ့ အော်ဒါပါးတယ်ဆိုပြီး အလုပ်သမား ၂၆ ယောက်ကို အလုပ်က ထုတ်ပယ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စက်လိုင်းတလိုင်းလုံးက လက်မခံတာ ကြောင့် အဲဒီ စက်လိုင်းက အလုပ်သမား ၅၀ ကျော်ကို အလုပ်က ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ 


ပုသိမ်စက်မှုဇုန်က AMAVA APPAREL စက်ရုံကတော့ အထည်အော်ဒါ မရှိလို့ ဆိုပြီး အလုပ်သမားသမဂ္ဂ ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ လုပ်ကိုင်နေတဲ့ စက်လိုင်းကို ဖျက်သိမ်းပြီး လုပ်သား အင်အားလျှော့ချခဲ့တယ်လို့ သိရပါတယ်။ ပုံမှန် အော်ဒါရရှိပါက လျှော့ချထားတဲ့ အလုပ်သမားတွေကို ပြန်လည်ခန့်အပ်မယ်ဆိုတဲ့ စက်ရုံ အာမခံချက်တော့ မရရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောကြားပါတယ်။ (ပုံ- ၃)

  • အချိန်ပို ချိုးဖောက်မှု

အောက်တိုဘာလအတွင်း ချိုးဖောက်မှု အများဆုံးကတော့ အချိန်ပို ခေါ်ယူမှုတွေ ဖြစ်ပါတယ်။ ချိုးဖာက်မှု ၁၂ ကြိမ်အထိ ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ လတွေနဲ့နှိုင်းယှဉ်ပါက ချိုးဖောက်မှု အများဆုံး လ တလ လည်း ဖြစ်ပါတယ်။ 


စက်ရုံတွေက အချိန်ပို လုပ်ကိုင်ခိုင်းရာမှာ ဥပဒေနဲ့ ညွှန်ကြားချက်တွေကို မလိုက်တာ၊ ဥပဒေမှာ အားနည်းချက် ရှိနေတာတွေနဲ့ လုပ်ခရှင်းတဲ့ စနစ်တွေကြောင့်တဲ့ အချိန်ပိုလုပ်ကိုင်ရတဲ့  အလုပ်သမားတွေအတွက် နစ်နာမှုတွေ ဖြစ်ပေါ်စေ ပါတယ်။

  
လက်ရှိ မြန်မာနိုင်ငံက အထည်ချုပ် စက်ရုံတွေမှာ စနစ် နှစ်မျိုးနဲ့ လုပ်ခလစာ ရှင်းပေးကြပါတယ်။ တခုကတော့ ဒေကြေး ၊ နောက်တခုကတော့ ချုပ်ထည်ပြီးသလောက် အခကြေးငွေရတဲ့ တစ်ကတ်စနစ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစနစ် နှစ်မျိုးလုံး တနေ့ အလုပ်ချိန် ၈ နာရီအပေါ် အခြေခံထားပြီး သာမန်အလုပ်ချိန်ထက် ကျော်ရင်တော့ အချိန်ပိုကြေးလို့ ဥပဒေက သတ်မှတ်ထားပါတယ်။ ဒေကြေး စနစ်မှာ ပြဿနာမရှိပေမဲ့ တစ်ကတ်စနစ်ကတော့ ပြဿနာတွေ အများကြီးရှိနေတာပါ။ 


တစ်ကတ်စနစ်ဆိုပြီး အချိန်ပိုခ မပေးဘဲ အလုပ်ချိန်တွေ အများအပြား လုပ်ကိုင်ခိုင်းတာ၊ အချိန်ပိုလုပ်ခပဲ ပေးပြီး အထည်စံချိန် ပြည့်အောင် ချုပ်ခိုင်းတာ စတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ 


ဥပဒေအရ အချိန်ပိုလုပ်ကိုင်ခိုင်းပါက အချိန်ပိုကြေး နှစ်ဆပေးရမယ်လို့ ဥပဒေမှာ အလုပ်ချိန်ကို အခြေခံပြီး ပြဌာန်းထားပါတယ်။ လက်ရှိ တစ်ကတ် ကြေး စနစ်နဲ့ လုပ်ခရှင်းရမှာတော့ တစ်ကတ်ကြေး နှစ်ဆ မရတဲ့အပြင် အတိုင်းအဆမဲ့ အချိန်ပိုတွေ လုပ်ကိုင် နေရတာပါ။ 


အောက်တိုဘာလအတွင်း တိုင်ကြားမှုတွေထဲမှာ အချိန်ပို ခိုင်းစေပြီး ချိုးဖောက်မှု ရှိခဲ့တယ်၊ ရှိနေတယ်ဆိုတဲ့ စက်ရုံတွေကတော့ ရွှေလင်ဗန်းစက်မှုဇုန်က MAIYIBEI ၊ SEN YU MYANMAR ၊ BOHUA FASHION ၊ Myanmar Yangon Richang Apparel Co,Ltd. (NISHO) ၊ လှိုင်သာယာ စက်မှုဇုန်က E&P Fashion ၊ ALLAND FASHION LIMITED၊ TOP CLASS ၊ ပုသိမ်စက်မှုဇုန်က AMAVA APPAREL ၊ NorthShore Myanmar ၊ ဝါးတရာ စက်မှုဇုန်က CHEUNG HING MYANMAR ၊ မြောင်းတကာစက်မှုဇုန်က  Wonderful Apparel ၊ အနော်ရထာစက်မှုဇုန်က GOLDEN FASHION စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။ စက်ရုံအားလုံးကတော့ အထည်ချုပ်စက်ရုံတွေ ဖြစ်ကြပါတယ်။ 


ဖော်ပြပါ စက်ရုံတွေမှာ အချိန်ပိုလုပ်ကိုင်ဖို့ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းမှုမရှိတာ ၊ ကြိုတင် အကြောင်းကြားမှုမရှိတာ၊ အချိန်ပိုလုပ်ကိုင်ခိုင်းပြီး လုပ်ခလစာမပေးတာ၊ ခွဲခြား ခိုင်းစေတာ၊ အချိန်ပို ရက်ဆက် လုပ်ကိုင်ရတာ၊ အချိန်ပိုမလုပ်တဲ့ အလုပ်သမားတွေကို ရပိုင်ခွင့်နဲ့ အလုပ်အကိုင်အတွက် ခြိမ်းခြောက်တာ၊ အလုပ် ထုတ်တာ၊ အချိန်ပို လုပ်ကိုင်ချိန်ကို အတိုင်းအဆမရှိ လုပ်ကိုင်ရတာ စတဲ့ ချိုးဖောက်မှုတွေ ရှိတယ်လို့ အလုပ်သမားတွေက တိုင်ကြားခဲ့ပါတယ်။ ဒါ့အပြင် အောလင်းအောနိုက် အချိန်ပိုတွေ လုပ်ကိုင်ခိုင်းပြီး ဖယ်ရီ မပေးတာ ၊ နောက်ရက်တွေပါ နားချိန်မရှိ လုပ်ကိုင်ရတာတွေလည်း ပါဝင်ပါတယ်။ 

  • စက်ရုံအတွင်းက ဆဲဆိုမှု

စက်ရုံက ကြီးကြပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက ဆဲဆိုတယ်ဆိုပြီး တိုင်ကြားခံရတဲ့ စက်ရုံ ငါးရုံသာရှိတာကြောင့် ကျဆင်းလာတယ်လို့ ပြောနိုင်ပါတယ်။ အဖြစ်အပျက်မှာ ပါဝင်သူတွေက ဆဲဆိုတာနဲ့ ပတ်သက်ပြီး လက်ခံနိုင်တဲ့ အတိုင်းအတာပေါ်မှာ မူတည်တာကြောင့် လုံးဝကျဆင်းနေတယ်လို့ ပြောမရပါဘူး ။ ရိုင်းစိုင်းတဲ့ အမူအကျင့်တွေ  စက်ရုံအတွင်း မရှိဖို့ကတော့ စက်ရုံပိုင်ရှင်တွေ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ကိုယ်တိုင် ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ် ပါတယ်။ 


လုပ်ငန်းခွင်အတွင်း ဆဲဆိုခိုင်းစေမှုတွေဟာ ခံရတဲ့သူအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ရပြီး ကုန်ထုတ်မှုကိုပါ ကျဆင်းနိုင်တာမို့ ချိုးဖောက်မှု တခုအနေနဲ့ Myanmar Labour News မှာ ဖော်ပြနေတာ ဖြစ်ပါတယ်။ 


စက်ရုံအတွင်း ဆဲဆိုမှုရှိတဲ့ စက်ရုံတွေကတော့ ပဲခူးစက်မှုဇုန်က KFINE INTERNATIONAL GARMENTနဲ့ Jafon ၊ ပုသိမ် စက်မှုဇုန်က NorthShore Myanmar နဲ့ AMAVA APPAREL ၊ လှိုင်သာယာစက်မှုဇုန်တွေက ALLAND FASHION LIMITED နဲ့  TOP CLASS တို့ ဖြစ်ကြပါတယ်။ ဒီစက်ရုံထဲမှာ ဆဲဆိုမှုတင်မဟုတ်ဘဲ ကိုယ်ထိ လက်ရောက် ပြုမူခဲ့တဲ့ဆိုပြီး တိုင်ကြားခံရတဲ့ စက်ရုံကတော့  NorthShore Myanmar စက်ရုံ ဖြစ်ပါတယ်။  

  • တမျိုးထက်ပိုပြီး ချိုးဖောက်မှုရှိတဲ့  စက်ရုံတွေ 

အောက်တိုဘာလအတွင်း အလုပ်သမားတွေတိုင်ကြားခဲ့တဲ့ စက်ရုံတွေထဲ ချိုးဖောက်မှု တမျိုးမက ရှိခဲ့တဲ့ စက်ရုံ ပေါင်း ၉ ရုံရှိခဲ့ပြီး အဲ့ဒီထဲက ချိုးဖောက်မှု သုံးမျိုးရှိတဲ့ စက်ရုံကတော့  AMAVA APPARELနဲ့  ALLAND FASHION LIMITED တို့ဖြစ်ပါတယ်။ GOLDEN FASHION ၊ TOP CLASS ၊ NorthShore Myanmar၊ Wonderful Apparel၊ SEN YU MYANMAR ၊ TONG YING HK(Garment) နဲ့  Jafon စတဲ့ စက်ရုံတွေ ကတော့ ချိုးဖေါက်မှု နှစ်မျိုးစီ ရှိခဲ့ကြတာပါ ။

  • ကုန်အမှတ်တံဆိတ်များ ပါဝင်မှု

အလုပ်သမားတွေအပေါ် ချိုးဖောက်မှု ရှိခဲ့တယ်ဆိုတဲ့ စက်ရုံတွေမှာ ချုပ်လုပ်တဲ့ ကုန်အမှတ်တံဆိတ်တွေ ကတော့ Jichodo ၊ Best Seller ၊ Only ၊ ZARA  ၊ AMISU၊ CRAFT၊ CLIQUE၊ Springfield ၊ LC WAIKIKI CLASSIC ၊ H&M I PSY၊ GLAM BAG ၊ kids၊ NKD ၊ NEXT၊ CARTH ၊ JAVA၊ CIAOPANIC TYPY၊ HONEY SUCKLE ROSE၊ grove၊ AZUL BY MOUSSY၊  RODEO CROWNS WIDE BOWL၊ RIGHT ON၊ HanGTen၊ CANADA DUCK DOWN၊ H-ESSENTIAL၊ Fieldcore၊ Nano၊ KIABI၊ TROLLKIDS ၊ELCORTE ၊ MOORES၊ DUMRP၊ Dutmp ၊ UNITED COLORS OF BENETTON ၊ Sinsay ၊ TERRANOVA၊ P&VV ၊ House ၊ xc ၊ VAUDE၊ Schoffel ၊ defacto ၊Balala ၊ BLAKLADER ၊ ၊ REGATTA PROFESSIONAL ဖြစ်ကြပါတယ်။ 
ချိုးဖောက်မှုရှိခဲ့တယ်ဆိုတဲ့ စက်ရုံတွေကနေ ချုပ်လုပ်တယ်လို့ တကြိမ်နဲ့အထက် ဖော်ပြခံရတဲ့ ကုန်အမှတ်တံဆိပ်တွေကတော့  Fieldcore ၊ Sinsay ၊ ZARA နဲ့ Only တိုဖြစ်ကြပြီး နှစ်ကြိမ်စီ ဖော်ပြခံထားရပါတယ်။ (ပုံ- ၄)

  • WCC ဆိုတာ ဘာလဲ

စက်ရုံအတွင်း WCC လို့ ခေါ်တဲ့ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းဖို့ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဒီကာလမှာ အထည်ချုပ်စက်ရုံ အတော်များများ ဖွဲ့စည်းကြတာတွေရှိပါတယ်။ ဒါပေမဲ့ ဥပဒေမဲ့ ဖွဲ့စည်းမှုတွေ များတာကြောင့် စက်ရုံအလုပ်သမား တော်တော်များများက ကော်မတီဖွဲ့စည်းမှုရဲ့ အကျိုးကျေးဇူး မခံစားရ သလို ကော်မတီဝင် ဘယ်သူဘယ်ဝါ ၊ဘယ်လို အဖွဲ့အစည်းလဲ ဆိုတာမျိုးတောင် မသိကြပါဘူး ။  

 
အလုပ်သမားသမဂ္ဂတွေ လှုပ်ရှားလို့မရတဲ့ အခုလိုကာလတွေမှာ အဝါရောင် WCC အဖွဲ့အစည်းတွေ များပြားတာ ကလည်း အလုပ်သမားတွေအတွက် အကူအညီမရတဲ့အပြင် ပိုပြီး ဒုက္ခတွေ့စေပါတယ်။ အလုပ်သမားတွေ WCC အဖွဲ့ ရှိ၊ မရှိ ဆိုတာနဲ့ သိရှိခြင်း ရှိ၊ မရှိမသိဆိုတာကို စက်ရုံ  ၂၃ ရုံက အလုပ်သမားတွေကို မေးမြန်းပြီး ဆန်းစစ် ထားပါတယ်။  (ပုံ- ၅)

  • သုံးသပ်ချက်

Myanmar Labour News မှာ အောက်တိုဘာလအတွင်း အလုပ်သမားတွေအပေါ် ချိုးဖောက်မှုရှိတယ်ဆိုပြီး စက်ရုံသတင်းတွေကို ဖော်ပြခဲ့ရာမှာ စက်ရုံပိတ်သိမ်း နှစ်ရုံ၊ တောင်းဆို ဆန္ဒပြတဲ့ စက်ရုံ တရုံနဲ့ တခြား အလုပ်သမား သတင်းတွေပါဝင်ပါတယ်။ 


ဖော်ပြထားတဲ့ သတင်းတွေနဲ့ အလုပ်သမားတွေရဲ့ ပြောဆိုချက်ကို သုံးသပ်ရာမှာ စက်ရုံ  အုပ်ချုပ်ရေးပိုင်းက ကြီးကြပ်ရေးမှူး၊ အောစူပါ ၊ စကားပြန် စတဲ့ ဝန်ထမ်းတွေရဲ့ ပြုမှုဆောင်ရွက်ချက်တွေကို မထိန်းသိမ်းနိုင်တာ၊ ဥပဒေနဲ့ မညီတဲ့ လုပ်ငန်းခွင် စည်းကမ်းသတ်မှတ်ချက်တွေရှိတာ ၊ ဥပဒေကို ကျော်လွန် ဆောင်ရွက်တာ ၊ ဥပေဒကို ကျော်လွန် ဆောက်ရွက်ဖို့ ခွင့်ပြုထားတာ၊ ကမ္ဘာအဆင့် စီးပွားရေးလုပ်ငန်းဖြစ်ပေမဲ့ အစဉ်အလာ အုပ်ချုပ်မှုကို လက်ခံထားတာနဲ့ ဥပဒေမှာ အားနားချက်ဖြစ်နေတဲ့ လုပ်ခလစာရှင်းပေးမှုပုံစံတွေကို ကျင့်သုံးတွေ ကြောင့် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေ ချိုးဖောက်ခံနေရတာလို့  Myanmar Labour News က သုံးသပ်ရပါတယ်။ 

MyanmarLabourNews

Research Team

By MinNiKyaw