NEWS

အလုပ်သမားများ အတွက် အပူအပင်တွေဖြစ်နေသည့် စစ်ကောင်စီ သင်္ကြန်

CoverLogo
618 Views

စစ်ကောင်စီက နိုင်ငံတကာမှာ လူရာဝင်ရေးအတွက် ကြိုးပမ်းနေတဲ့ ပွဲတော်တွေထဲမှာ မကြာမီကာလမှာ
ရောက်လာတော့မဲ့ သင်္ကြန်ပွဲတော်လည်း ပါဝင်ပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာ ကျရှုံးနေတဲ့
စစ်ကောင်စီက သက်ဆိုင်ရာအဖွဲ့အစည်းတွေကို နိုင်ငံတွင်းက လူတွေ ပျော်ရွှင်နေကြသယောင် ပြသဖို့
ကြိုးပမ်းနေတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတော် အာဏာကို ၃ ကြိမ် သိမ်းယူခဲ့တဲ့ စစ်အစိုးရတိုင်းဟာ ဒီလို ပွဲတော်တွေကို အမြဲ
ယောင်ပြ ကျင်းပခဲ့ကြတာပါ။ နိုင်ငံတော်ဘဏ္ဍာကို ကျခံသုံးစွဲပြီး ပွဲတော်တွေ ကျင်းပသလို
ပြည်သူပြည်သားတွေ ဆီကလည်း ဖိအားပေးကောက်ခံကြပါတယ်။ ဒါက မြန်မာနိုင်ငံမှာ အာဏာသိမ်း
စစ်အစိုးရတိုင်း လုပ်တဲ့ လုပ်ဟန် ဖြစ်ပါတယ်။

၂၀၂၁ မှာ နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ပြီး ပြည်သူတွေရဲ့ ဆန့်ကျင် တော်လှန်မှုခံရတဲ့
အကြမ်းစစ်ကောင်စီ ရဲ့ အုပ်ချုပ်မှုအောက်က သင်္ကြန်ပွဲတော်ကလည်း ရှေ့က စစ်အစိုးရတွေရဲ့ လုပ်နည်း
လုပ်ဟန်အတိုင်း ဖိအားပေးပြီး ပြည်သူ့ ဝင်ငွေကို ဖဲ့ယူပြီး ကောက်ခံလာ ပါတယ်။

ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ တစ်လ ဝင်ငွေဟာ ၁၄၀၀၀၀
ကျော်ကျော် သာ ရှိပါတယ်။ ကုန်ဈေးနှုန်းက NLD အစိုးရ အုပ်ချုပ်မှု ကာလကထက် ၃
ဆလောက်တက်လာပါတယ်။ အလုပ်သမား တွေရဲ့ တစ်ရက်ဝင်ငွေကတော့ ပိုရ လာတာ မရှိပါဘူး။
နိုင်ငံတကာ ဒေါ်လာ ငွေဈေးနဲ့ဆို ၁.၆ ဒေါ်လာသာ ရှိပါတယ်။

စစ်ကောင်စီလူရာဝင်ရေးအတွက် ကြိုးပမ်းကြတဲ့ စစ်တပ် လက်အောက်ခံနဲ့ နောက်မြီးဆွဲ
နောက်လိုက်တွေ ကတော့ ဝင်ငွေနည်းပါးလှတဲ့ မြန်မာ အလုပ်သမားတွေ နေထိုင်ကြတဲ့
အဆောင်တွေဆီက သင်္ကြန်အတွက် ဆိုပြီး ကောက်ခံ တာက တစ်ဆောင်ကို ကျပ် ၁၀၀၀၀ ကနေ ကျပ်
၃၀၀၀၀ အထိ ကောက်ခံပါတယ်။ ဒီလိုကောက်ခံ တာက အလုပ်သမားဆီက
တောင်းတာတော့မဟုတ်ပါဘူး။ အလုပ်သမားတွေနေထိုင်ရာ အဆောင်ရှင်တွေကို ဖိအားပေး
ကောက်ခံတာမျိုးပါ။

ဒါပေမဲ့ အဆောင်ရှင်တွေမှာလည်း တစ်ဦးတစ်ယောက်တည်း ကုန်ကျမခံနိုင်လို့ အဆောင်နေ
အလုပ်သမားတွေ ဆီ မျှဝေကောက်ယူပါတယ်။ ဒီတော့ အလုပ်သမားတွေ နေတဲ့ အခန်းတစ်ခန်းကို ကျပ်
၂၀၀၀ လောက်ကျ ပါတယ်။ ဒီငွေဟာ အလုပ်သမား တစ်ယောက် အတွက် အချိန်ပို ၂ နာရီ
လုပ်ခလောက် ရှိနေတာပါ။ အလုပ်အကိုင် ရှားပါတဲ့ ကာလမို့ အလုပ်သမားတွေအတွက် ဒီငွေအတွက်က
တန်ဖိုးရှိ ပါတယ်။

ကုန်းဈေးနှုန်း ကြီးမြင့်နေတဲ့ အပြင် အလုပ်အကိုင် ကောင်းမွန်ခြင်းမရှိတဲ့ ကာလမို့ ခြိုးခြံချွေတာ
စားသောက် ရလို့ ပျော်ပွဲရွှင်ပွဲလည်း မပါဝင်နိုင်တဲ့ အလုပ်သမားတွေအတွက် ဒီလို ကောက်ခံမှုဟာ
တကယ့် နွေပူပူမှာ မိုးကြိုးပစ်ချ လိုက်သလိုပါပဲ။

တစ်လပြည့်လို့ လုပ်ခလစာ ထုတ်တိုင်း လက်ထဲကျစ်ကျစ်လစ်လစ်ပါလာတဲ့ ပိုက်ဆံတွေက
အိမ်ပြန်ရောက် လာရင်တော့ ပါးလာပါတယ်။ တစ်လကုန် ရလာတဲ့ လုပ်ခလစာထဲကနေ
စစ်ကောင်စီလက်အောက်ခံတွေ ကောက်ခံတဲ့ ဧည်စာရင်းက ၁၅ ရက်တစ်ခါ ၅၀၀၊ ကင်းကြေးက ၁၅၀၀
၊ ရေတင်ဖို့ အချိုးကျပေးရတာက တစ်ပတ် ၂၀၀၀ ကျော် ကုန်ကျ ကြပါတယ်။

ဒီအပြင် သင်္ကြန်ဆိုတဲ့ ပွဲတော်ကြီးကို အကြောင်းပြပြီး သီးသန့် ငွေကြေးကောက်ခံတာ ရိုးရိုးလည်း
မဟုတ်ပြန် ပါဘူး ၊ အလုပ်သမားတွေက မပေးဘူးနိုင်ဆိုပြန်ရင်လည်း ဧည်စာရင်းမရမှာ စိုးရိမ်ရ၊
ဧည်စာရင်းမရင် အဆောင်ရှင် က လက်မခံစိုးရိမ်ရလို့ အဲ့ငွေကို ပေးရပါတယ်။ နောင်ခါလား နောင်ခါဈေး
စားစရာမရှိလည်း လည့်ပတ် ချေးငှားရင်း လုံးချာလိုက်တာကလည်း ထုံးစံလို ဖြစ်နေတဲ့ မြန်မာ
အလုပ်သမားတွေရ ဘဝ ဖြစ်စဉ်ပါ။

သင်္ကြန်ပိတ်ရက်မို့ စက်ရုံပိတ်လို့ ဝင်ငွေမရှိတာက အသေအချာ။ စစ်ကောင်စီရဲ့ လူရာဝင်ရေး
သင်္ကြန်ပွဲကြီး ဖြစ်မြောက်လို့ အလုပ်သမားတွေအတွက် ဘာမှ ကောင်းကျိုးမရှိ။ ဖိအားပေး၊
ငြိမ်းခြောက်ခံရပြီး ငွေကောက်ခံ ခံထားရလို့ အလုပ်သမားတွေအတွက်တော့ ဒီကာလဟာ နေထိုင်
စားသောက်ရေးကို ပူပင် စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

 

#MyanmarLabourNews


Related posts