SURVEY

၂၀၂၂ ခုနှစ်အတွက် အလုပ်သမားအရေး အနှစ်ချုပ် (Myanmar Labour News)

CoverLogo
1.9K Views

၂၀၂၂ ခုနှစ်အတွက် အလုပ်သမားအရေး အနှစ်ချုပ် (Myanmar Labour News)

 


နိဒါန်း

Myanmar Labour News မီဒီယာမှာ ၂၀၂၂ ခုနှစ်အတွင်း ဖော်ပြခဲ့တဲ့ အလုပ်သမားအရေး သတင်းတွေထဲကနေ  အချက်အလက်တွေ ပြုစုထားပါတယ်။ ဒီလို ပြုစုတာဟာ အလုပ်သမားတွေရဲ့ နစ်နာမှုတွေနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမားအရေး လှုပ်ရှားသူတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက် ပေးတဲ့ အဖွဲ့အစည်းတွေအတွက် ရည်ရွယ်ထားပါတယ်။ Myanmar Labour News က ပြုစုတဲ့  ဒီအချက်အလက် တွေကနေ ကောင်းမွန်တဲ့ လုပ်ငန်းခွင် ပြုပြောင်းလဲနိုင်ဖို့၊ တိုးတက်တဲ့ အမြင်တွေကို တွေးခေါ်နိုင်ဖို့နဲ့ အသိပညာပေးဝေနိုင်မယ့် အချက်အလက်တွေ ရသွားမယ်လို့ မျှော်လင့်ထားပါတယ်။ 

Myanmar Labour News မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း အလုပ်သမား သတင်း တင်ဆက်မှုပေါင်း ၁၆၄ ကြိမ် ရှိပါတယ်။  အဲဒီတင်ဆက်မှုထဲမှာ စက်ရုံနဲ့လုပ်ငန််း ၁၂၄ ခုရဲ့ သတင်းတွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ( chart-1)

 ၂၀၂၂ခုနှစ်အတွင်း သတင်းဖော်ပြခဲ့သည့် စက်ရုံလုပ်ငန်းများ

ဒီစက်ရုံတွေထဲမှာ လူအင်အားကို အခြေခံတဲ့ ချုပ်လုပ်ရေး စက်ရုံသတင်း အရေအတွက် ၁၃၄ ကြိမ်တင်ဆက်ခဲ့ပြီး ချုပ်လုပ်ရေး စက်ရုံ ၉၆ ရုံက အလုပ်သမားအခွင့်အရေး ချိုးဖေါက်မှုတွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီ ချုပ်လုပ် ရေး စက်ရုံတွေထဲမှာ တစ်ကြိမ်မက သတင်းတင်ဆက်ခဲ့ရတဲ့ စက်ရုံ ကတော့ ၁၉ ရုံ ရှိခဲ့ပါတယ်။ (chart-2)

 

၂၀၂၂ ခုနှစ်အတွင်း သတင်းဖော်ပြခံရသည့် ချုပ်ထည်လုပ်ငန်း စက်ရုံများ

 

ဒါ့အပြင် ချုပ်ရေးစက်ရုံမဟုတ်တဲ့ လုပ်ငန်းနဲ့ စက်ရုံ ၂၈ ရုံက အလုပ်သမား အခွင့်အရေးချိုးဖောက်တဲ့ သတင်း အပုဒ်ရေ  ၃၀ တင်ပြနိုင်ခဲ့ပါတယ်။   စက်ရုံနဲ့လုပ်ငန်း ၂ ခု ကတော့ တစ်ကြိမ်ထက် ပိုပြီး ဖော်ပြခံခဲ့ရပါတယ်။ (chart-3)

၂၀၂၂ ခုနှစ်အတွင်း သတင်းဖော်ပြခံခဲ့ရသည့် ချုပ်လုပ်ရေး လုပ်ငန်းမဟုတ်သည့် လုပ်ငန်းစက်ရုံများ
  • စက်ရုံအတွင်းက အလုပ်သမားသမဂ္ဂများ

စက်ရုံသမဂ္ဂတွေဟာ အလုပ်သမားကိုယ်စားပြု အဖွဲ့စည်းတွေ ဖြစ်ကြပြီး အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို ဖြေရှင်းနိုင်ဖို့၊ စက်ရုံလုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေကြား ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့အတွက် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Myanmar Labour News က ရရှိထားတဲ့ အချက်အလက်တွေမှာ သမဂ္ဂရှိ/ မရှိ သိရတဲ့ စက်ရုံ အရေအတွက် ၃၅ ရုံ သာရှိပါတယ်။ ဒါတွေဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် သမဂ္ဂအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေ ငြိမ်သက်နေရတာလို့လည်း သိရပါတယ်။ 

ဒီ စက်ရုံ ၃၅ ရုံထဲမှာ ချုပ်လုပ်ရေး စက်ရုံ ၃၀ ရဲ့သတင်းတွေကို ဖော်ပြခဲ့ပါတယ်။ သမဂ္ဂရှိတဲ့ ချုပ်လုပ်ရေး စက်ရုံ ၁၄ ရုံ ထဲက ETI Member အမှတ် တံဆိပ်ချုပ်လုပ်တဲ့  လှိုင်သာယာ စက်မှုဇုန် ၂ က Charming Garment MFG. Co.,Ltd ကတော့ စက်ရုံ အရှုံးပေါ်လို့ ဆိုပြီး စက်ရုံ သမဂ္ဂအဖွဲ့ဝင်တွေ အပါအဝင် လုပ်သား ၂၉၀ ကို အလုပ်ကနေ ထုတ်ခဲ့ပါတယ်။ 

SIOEN  ကုန်အမှတ်တံဆိပ် ချုပ်လုပ်တဲ့ SIOEN Myanmar Garment ကတော့ နိုင်ငံရေးအခြေအနေကို အသုံးချပြီး အလုပ်သမားတွေအပေါ် ပြင်းပြင်းထန်ထန် ဖိနှိပ်မှု ပြုလုပ်ခဲ့တာပါ။ ဒီစက်ရုံ လုပ်ငန်းခွင်အတွင်း အမျိုးသမီး အလုပ်သမားခေါင်းဆောင် အပါအဝင် တခြား အလုပ်သမား ၂ ဦး စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးမှု ခံခဲ့ရတဲ့အပြင် ၂၀၂၂ ခုနှစ်အတွင်း ဥပဒေမဲ့ အလုပ်ထုတ်မှုတွေဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ စက်ရုံ အလုပ်သမားသမဂ္ဂ ရှိပေမဲ့ နိုင်ငံရေး အခြေအနေတွေ ကြောင့် လှုပ်ရှားမှု လုံးဝမရှိတော့ဘူးလို့လည်း သိရပါတယ်။ ဒါကြောင့် တစ်လတည်းမှာပဲ အလုပ်သမား ၆၀ အလုပ်ထုတ် ခံခဲ့ရတယ်လို့လည်း စက်ရုံအလုပ်သမား တွေက ပြောကြား ထားပါတယ်။ 

Honor Apparel အထည်ချုပ် စက်ရုံကတော့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား နစ်နာကြေးရဖို့ သမဂ္ဂက ကူညီ ဆောင်ရွက်ပေးတာကို စက်ရုံဘက် ဥပဒေနဲ့ လူမိုက်ဆန်ဆန် ခြိမ်းခြောက်ခဲ့ပြီး သမဂ္ဂခေါင်းဆောင်တွေ လုပ်ငန်းခွင်က ထွက်ခွာအောင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။  H&M ၊ ZARA  ချုပ်တဲ့ စက်ရုံဖြစ်လို့ အလုပ်သမား အခွင့်အရေးတွေကို ဖောက်ဖျက်တဲ့ အမှတ်တံဆိပ်တွေကို အကြောင်းကြားခဲ့ပေမဲ့  မသိကျိုးကျွံ ပြုခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောကြားခဲ့တာပါ။ HonorApparel အထည်ချုပ်စက်ရုံဟာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခဲ့တာကြောင့်လည်း ၂၀၂၂ ခုနှစ်အတွင်း အလုပ်သမားတွေရဲ့ အများဆုံး တိုင်ကြားခံရလို့  Myanmar Labour News က သတင်း ၄ ကြိမ် ဖော်ပြခဲ့ရပါတယ်။

ပုသိမ်မြို့က Myanmar Knitting သိုးမွှေး အထည်ချုပ်စက်ရုံကတော့ M & S collection ကို ချုပ်လုပ်နေပြီး ၂၀၂၀ ကိုဗစ်ကပ်ရောဂါ ကာလနဲ့ ၂၀၂၁ အာဏာသိမ်း ကာလမှာ အလုပ်သမား ၄၀၀၀ ကျော် လျှော့ချကာ  စက်ရုံကို ယာယီ ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ စက်ရုံ ပြန်လည်ဖွင့်ပါက ဝန်ထမ်းဟောင်းတွေကို ဦးစားပေးပြီး  မူလ ရာထူးလစာနဲ့ ပြန်လည်ခေါ်ယူမယ်လို့ ပြောဆို ယာယီပိတ်သိမ်းခဲ့တာလို့ အလုပ်သမားတွေက ပြောကြားပါတယ်။ ဒါပေမဲ့  ၂၀၂၂ ခုနှစ် စက်ရုံ ပြန်လည်ဖွင့်လှစ်ရာမှာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များကို အလုပ်ဝင်ဖို့ ပြန်လည်ခေါ်ယူခြင်းမရှိတော့ဘူးလို့ သိရပါတယ်။

GTIG HUASHENG Myanmar အထည်ချုပ်စက်ရုံကတော့ ရန်ကုန်၊ ဝါးတစ်ရာစက်မှုဇုန်ကဖြစ်ပြီး  ပိတ်သိမ်းခဲ့ ပြီလို့ သိရပါတယ်။ PEP&CO ၊ Primark လို နိုင်ငံတကာကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာ ဖြစ်ပေမဲ့ ဥပဒေပါ သတ်မှတ်ချက်အတိုင်း စက်ရုံပိတ်သိမ်းခဲ့တာ ဟုတ်မဟုတ်ဆိုတာ အငြင်းပွားစရာ တွေရှိ ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း သမဂ္ဂအဖွဲ့ (Yellow Union) ကို စက်ရုံက ဦးဆောင် ဖွဲ့စည်းထားပြီး တခြားသမဂ္ဂ အဖွဲ့ဝင်တွေ ကို ခွဲခြားဆက်ဆံခဲ့တယ်လို့ သိရပါတယ်။ စက်ရုံပိတ်သိမ်းချိန်မှာလည်း ဥပဒေနဲ့မညီလို့ တခြားသမဂ္ဂအဖွဲ့ဝင် တွေက ကန့်ကွက်ခဲ့ပေမယ့်၊ စက်ရုံက ဦးဆောင် ဖွဲ့စည်းထားတဲ့ သမဂ္ဂကတော့ လျှော်ကြေးရယူပြီး ပြီးပြတ်ခဲ့ တယ်လို့ ဖော်ပြ ခဲ့ပါတယ်။ 

တုန်ယူအထည်ချုပ်စက်ရုံက သမဂ္ဂမရှိလို့ ဖွဲ့ဖို့ကြိုးစားတဲ့ အလုပ်သမားတွေဟာ အလုပ်က အထုတ်ခံခဲ့ရ ပါတယ်။ ဒီစက်ရုံဟာ မူလကတည်းက သမဂ္ဂမရှိခဲ့ဘူးလို့ သိထားရပါတယ်။ အလုပ်သမားတွေ ဆန္ဒမရှိပဲ  ညဆိုင်း အပြည့် အလုပ်ဆင်းခိုင်းတာတွေ၊   ဥပဒေမဲ့ အလုပ်ထုတ်တာတွေ အပြင် အလုပ်သမား သမဂ္ဂ  ထူထောင်ဖို့ ကြိုးစားတဲ့ အလုပ်သမားတွေကို အပြစ်ရှာပြီး အလုပ်ဖြုတ်ခဲ့တာလို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Lucky Fortune အထည်ချုပ်စက်ရုံကတော့ သမဂ္ဂဖွဲ့ခွင့် မပေးခဲ့ဘဲ အလုပ်သမားတွေအပေါ် ခြိမ်းခြောက် ခိုင်းစေ တာ၊ ဥပဒေမဲ့ အလုပ်ထုတ်တာ ၊ တနင်္ဂနွေပိတ်ရက် အနားမပေးဘဲ အချိန်ပိုဆင်းရပြီး လုပ်ခ မရကြဘူးလို့ အလုပ်သမားတွေက တိုင်ကြားခဲ့တာပါ။ ဒါ့အပြင် လူမှုဖူလုံရေး ပေးသွင်းရပေမဲ့ ၊ ဆေးခွင့်အပါ  ခွင့် ယူလို့မရတာ၊ အလုပ် ၂ ရက် ပျက်ပါက အထုတ်ခံရတာနဲ့ နေ့စားအလုပ်သမား ၂၀၀ ကျော်ကို ၃၆၀၀ ကျပ်နဲ့ ခိုင်းစေပြီး အမြဲတမ်း မခန့်အပ်ဘဲ မလိုအပ်ပါက အလုပ်ထုတ်တယ်လို့လည်း တိုင်ကြားခံ ရပါတယ်။ Lucky Fortune အထည်ချုပ် စက်ရုံကတော့ Bershka ၊ ZARA၊ ONLY အမှတ်တံဆိပ်ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်သလို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာကြောင့် ၂၀၂၂ ခုနှစ်အတွင်း ၄ ကြိမ်နဲ့ အများဆုံးတိုင်ကြားခံရတဲ့ စက်ရုံတစ်ရုံ ဖြစ်ပါတယ်။

YES1 Garment အထည်ချုပ် စက်ရုံကတော့ BLACK YAK အမှတ်တံဆိပ်ကို ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပြီး မူလက သမဂ္ဂဖွဲ့စည်းထားတဲ့ စက်ရုံ တစ်ရုံပါ။ ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေတဲ့ သမဂ္ဂခေါင်းဆောင် တွေ ဝင်ရောက် ဖမ်းဆီးခံရပြီးနောက် သမဂ္ဂမရှိတော့ဘူးလို့ သိရပါတယ်။ သမဂ္ဂမရှိတာကြောင့် ခွင့်ယူလို့ မရ၊ ရက်ပျက်ပါက ကျပ် ၇၀၀၀ ကျော် ဖြတ်တောက်တာ၊ လူမူဖူလုံရေးခွင့်အတွက် ၂ ရက် ကြိုတင်ရတာ၊ ဆေးခွင့် လုံးဝ မပေးတာ ၊ လုပ်ငန်းခွင်အတွင်း အုပ်ချုပ်သူ အောစူပါ၊ စူပါတွေက ဆဲဆိုတာ ၊ စံချိန်မပြည့်တဲ့ အလုပ်သမား တွေကို အချိန်ပိုသတ်မှတ် မပေးဘဲ စံချိန်ပြည့်တဲ့အထိ  ချုပ်ပေးရတယ်လို့ တိုင်ကြားခံထားရပါတယ်။  

 

  • ကုန်အမှတ်တံဆိပ်များ၏ တာဝန်ယူမှု တာဝန်ခံမှု

ရန်ကုန်မြို့က ချုပ်လုပ်ရေးလုပ်ငန်း စက်ရုံတွေကနေ ထုတ်လုပ်နေတဲ့ချုပ်ထည်တွေရဲ့ အမှတ်တံဆိပ်တွေကို ကုန်အမှတ်တံဆိပ် (Brand) လို့ ခေါ်ကြပါတယ်။ တနည်းအားဖြစ် အထည်ချုပ်လုပ်ငန်းတွေကို အလုပ်ပေး အလုပ်အပ်တဲ့ အမှတ်တံဆိပ်တွေဆိုလည်း မမှားပါဘူး။ ဒီအမှတ်တံဆိပ်တွေက အလုပ်မအပ်မီ စက်ရုံတွေကို လာရောက် စစ်ဆေးတာတွေလည်း ရှိပါတယ်။ ဒါကြောင့်လည်း တချို့ အလုပ်သမားတွေက ချိုးဖေါက်ခံရတဲ့ အခွင့်အရေးတွေအတွက် ကုန်အမှတ်တံဆိပ်တွေကို တိုင်တန်းကြတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ ကောက်ယူထားတဲ့ စာရင်းတွေအရဆို ရန်ကုန်မြို့က စက်မှုဇုန်တွေထဲမှာ အဝတ်အထည်ချုပ် စက်ရုံပေါင်း ၅၉၀ ကျော်ရှိပါတယ်။ အဲဒီ စက်ရုံတွေထဲက အများစုကတော့ နိုင်ငံတကာမှာ ကျော်ကြား လူသိများတဲ့ အကုန်အမှတ် တံဆိပ်တွေ ချုပ်လုပ် ကြပါတယ်။ အဲဒီထဲမှာ Zara၊ Only၊ H&M၊ Vero Moda၊ KIABI၊ Mohito၊ Primark၊ M&S၊ Find-Out ၊ Guess စတဲ့ နိုင်ငံတကာကုန် အမှတ်တံဆိပ် များစွာ ချုပ်လုပ်နေတာ ဖြစ်ပါတယ်။ 

ဒီ အမှတ်တံဆိပ်တွေဟာ နိုင်ငံတကာ အမှတ်တံဆိပ်ဖြစ်တာကြောင့် အလုပ်သမားတွေရဲ့ အခွင့်အရေးကိုတွေ အမြဲ လေ့လာစောင့်ကြည့်နေတယ်လို့  အလုပ်သမားတွေနဲ့ အဖွဲ့အစည်းတွေက နားလည်ထားပါတယ်။ ဒါကြောင့် လည်း စက်ရုံတာဝန်ရှိသူ၊ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေကြား ဖြစ်ပွားတဲ့ တချို့ ပြဿနာတွေမှာ  ကုန်အမှတ် တံဆိပ်ဘက်က ဝင်ရောက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာတွေ ရှိခဲ့တာပါ။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း တချို့ စက်ရုံတွေ မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေမှာတော့ ကုန်အမှတ်တံဆိပ်ဘက် ဖြေရှင်းပေးတာ မရှိတာကို တွေ့ရပါတယ်။ 

 ၂၀၂၂ ခုနှစ်အတွင်း အဝတ်ချုပ်လုပ်ငန်းစက်ရုံ ၉၆ ရုံက အလုပ်သမားတွေရဲ့ သတင်းတွေကို Myanmar Labour News က ၁၃၄ ကြိမ်ဖော်ပြခဲ့ရပါတယ်။ အဲဒီ စက်ရုံ ၉၆ ရုံထဲက ၉၀ ရာခိုင်နှုန်းကျော်ဟာ အလုပ်သမားအခွင့်ရေး ချိုးဖောက်ခဲ့တဲ့သတင်းတွေဖြစ်ကြပြီး ကျန်တဲ့ သတင်းတွေကတော့ အလုပ်သမားတွေ ရပ်တည်ရေး ခက်ခဲလို့ ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ သတင်းတွေမှာ Zara အမှတ်တံဆိပ်ကို ချုပ်လုပ်တဲ့ စက်ရုံတွေဟာ အလုပ်သမားအခွင့်အရေး  ချိုးဖောက်မှု အများဆုံးဖြစ်ခဲ့ပါတယ်။ Zara တံဆိပ်ကို ချုပ်တဲ့ စက်ရုံ ၁၂ ရုံက အလုပ်သမားတွေအပေါ် ချိုးဖောက် တယ်လို့ ၁၉ ကြိမ် ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ သတင်းတွေထဲမှာ ၄ ကြိမ်နဲ့ အများဆုံး ဖော်ပြခံရတဲ့ စက်ရုံ ကတော့ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၄) စက်ဆရာဦးထွန်းလမ်းက Lucky Fortune စက်ရုံ ဖြစ် ပါတယ်။ ဒီစက်ရုံကတော့ အလုပ်သမားအရေးဆောင်ရွက်မယ့် စက်ရုံသမဂ္ဂကို ဖွဲ့စည်းခွင့်မပေးခဲ့တာ၊ အလုပ်သမားတွေကို ဥပဒေမဲ့ အလုပ်ထုတ်ခဲ့တာ၊ အထူးသဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ညွှန်ကြားချက်အတိုင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အလုပ်သမားတွေကို အလုပ်ထုတ် ခဲ့တာပါ။ စက်ရုံလုပ်ငန်းခွင်အတွင်း မီးဘေး အန္တရာယ် ကြုံတွေ့နိုင်တာ၊ ဆေးပေးခန်းမရှိတာ၊ တနင်္ဂနွေ အချိန်ပို အလုပ်ဆင်း ခိုင်းပြီး လုပ်ခပေးချေမှု မရှိတာ၊ အလုပ်သမားတွေအပေါ် ရိုင်းစိုင်းစွာ ဆက်ဆံတာ၊ ခွင့် မပေးတာ၊ နေ့စားဝန်ထမ်းတွေကို အမြဲတမ်းဝန်ထမ်း မခန့် တာ၊ လုပ်ငန်းခွင် ထိခိုက်မှုတွေကို တာဝန်ယူတာ မရှိခဲ့ဘူးလို့ သိရပါတယ်။ 

 

Only အမှတ်တံဆိပ်ကတော့ ချိုးဖောက်မှု သတင်း ၁၄ ကြိမ် ဖော်ပြခံရပါတယ်။ ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ ရှိတဲ့ Only အမှတ်တံဆိပ်ကို ချုပ်လုပ်တဲ့ စက်ရုံပေါင်း ၈ ရုံဟာ အလုပ်သမားတွေအပေါ် ဖိနှိပ်တာ၊ ခွင့်နဲ့ အချိန်ပို လုပ်ခတွေ မပေးတာ၊ အလုပ်ချိန်ကို ကျော်လွန် ခိုင်းစေတာ၊ ဥပဒေမဲ့ အလုပ်ထုတ်တာ၊ စက်ရုံ ယာယီ ပိတ်သိမ်းရာ မှာလည်း ဥပဒေတိုင်းဆောင်ရွက်မှု မရှိခဲ့တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Only အမှတ်တံဆိပ်ချုပ်လုပ်ပြီး အလုပ်သမားတွေအပေါ် ချိုးဖောက်မှု အများဆုံးအနေနဲ့ ၄ ကြိမ် သတင်း ဖော်ပြခံရတဲ့ စက်ရုံကတော့Tianjin Fashion Milestone Garment ဖြစ်ပါတယ်။ အဲဒီ စက်ရုံကတော့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ ရွှေလင်းဗန်း စက်မှုဇုန်က ဖြစ်ပါတယ်။ စက်ရုံကချုပ်နေတဲ့ နိုင်ငံတကာ အမှတ်တံဆိပ်တွေထဲမှာ Only အပြင်  Sinsay၊ VERO MODA၊ JDY နဲ့ Zara တံဆိပ်တွေပါ ချုပ်တဲ့ စက်ရုံလည်း ဖြစ်ပါတယ်။ ဒီဖော်ပြထားတဲ့ တံဆိပ်တွေကို အနောက်နိုင်ငံတွေမှာ ဆိုင်ဖွင့် ရောင်းချ နေတာကို တွေ့ရပါတယ်။ 

Tianjin Fashion Milestone Garment တာဝန်ရှိသူတွေက တနင်္ဂနွေ အချိန်ပို ဆင်းခိုင်းပြီး အဲဒီအတွက် လုပ်ခ ငွေကြေး မရတာ ၊ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အချိန်ပို ဆင်းပေးရတာ၊ အချိန်ပို မဆင်းပါက ခွဲခြားဆက်ဆံ ခံရတာ ၊ နေ့စား အလုပ်သမားတွေ စနေနေ့အတွက် လုပ်ခမရတာ၊ လုပ်ငန်းခွင်အတွင်း သောက်ရေ သုံးရေ မကောင်းတာ ၊ လုပ်သက်ခွင့် မပေးဘဲ အဲဒီအတွက် ငွေပေးတာ ၊ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ WCC  မသိဘဲ စက်လိုင်းဖျက်ခဲ့ပြီး အလုပ်သမားတွေကို ရိုင်းပြစွာ ဆက်ဆံခဲ့တယ်လို့ သိရပါတယ်။ အဲဒီ စက်ရုံဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာထဲမှာတော့ နို့တစ်ကြေး တစ်လစာပေးပြီး စက်ရုံအလုပ်သမား ၂၀၀ ကို အလုပ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ 

ကမ္ဘာကျော် အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့   H&M ကို ချုပ်လုပ်နေတဲ့ မြန်မာနိုင်ငံအတွင်းက နောက်ထပ် စက်ရုံ ၇ ရုံဟာလည်း အလုပ်သမားတွေအပေါ် ဖိနှိပ်ချုပ်ချိုးဖောက်မှု ၁၀ ကြိမ်တိုင် သတင်းဖော်ပြခဲ့ပါတယ်။ အလုပ်သမားတွေလာရောက် ပြောကြားခဲ့လို့  ၂ ကြိမ်အထိ သတင်းဖော်ပြခဲ့ရတဲ့ စက်ရုံကတော့ ၃ ရုံ ရှိပါတယ်။ အဲဒီ စက်ရုံတွေကတော့ Textile Palace ၊ Myanmar Jiale Fashion Garment၊ KINGSRICH (Myanmar) Fashion Garment စက်ရုံ တို့ဖြစ်ကြပါတယ်။

Textile Palace စက်ရုံကတော့ Hourly (စံချိန်) တိုးတောင်းတာ၊ နားချိန်တွေမှာ အလုပ်လုပ်ကိုင်ရတာ၊ စက်ရုံ ဘက်က အလုပ်သမားတွေအပေါ် တာဝန်ယူမှု မရှိတာ၊ ဆန္ဒမပါဘဲ  အချိန်ပိုလုပ်ကိုင်ရတာ၊ သာရေးနာရေး ထောက်ပံ့မှုတွေ မပြုလုပ်တော့ဘူးလို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။ 

Myanmar Jiale Fashion Garment ကတော့ တနင်္ဂနွေ OT အချိန်ပို လုပ်ကိုင်ရပြီး လုပ်ခလစာ မရတာ၊ တစ်လလုံး နားရက်မရှိဘဲ အချိန်ပိုလုပ်ကိုင်ရတာ၊ ကြီးကြပ်သူတွေက ဆဲဆိုတာနဲ့ ကိုယ်ဝန်ဆောင်တွေကိုလည်း ခွင့်ခံစားခွင့် မပေးဘူးဆိုတဲ့ သတ်မှတ်ချက်နဲ့ အလုပ်ခန့်ခဲ့ပြီး မီးဖွားချိန်မှာတာ့ အလုပ်ကထွက်ပေးခဲ့ရတယ်လို လို့ သိရ ပါတယ်။ 

နောက်ထပ် H&M အမှတ်တံဆိပ် ချုပ်လုပ်တဲ့ ကျင့်ကျန်ထုန်လီ အထည်ချုပ်စက်ရုံကတော့ စစ်ကောင်စီက ညွှန်ကြားတယ်ဆိုပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့  အလုပ်သမား ၈၀ ကျော်ကို နစ်နာကြေး တစ်စုံတစ်ရာမပေးဘဲ အလုပ်ထုတ်ခဲ့ပေမဲ့ ကုန်အမှတ်တံဆိပ်ကတော့ လျစ်လျူရှုခဲ့တယ်လို့ သိရပါတယ်။ 

 

 

အမျိုးသမီးအဝတ်အစား  Vero Moda ကုန်အမှတ်တံဆိပ်ကို  မြန်မာနိုင်ငံက ချုပ်ထည် လုပ်ငန်းစက်ရုံတချို့မှာ  ချုပ်လုပ်ပါတယ် ။ နိုင်ငံတကာမှာတော့ Vero Moda ကုန်အမှတ်တံဆိပ်ကို ဆိုင်ကြီးတွေနဲ့ ကြီးကျယ်ခန့်ညားစွာ ဖွင့်လှစ်ရောင်းချနေတာ ဖြစ်ပါတယ်။ ဒီအမှတ်တံဆိပ်ချုပ်လုပ်တဲ့ စက် ၃ ရုံဟာ မြန်မာလုပ်သားတွေရဲ့ အခွင့်အရေးတွေကို ဖောက်ဖျက်ခဲ့လို့  ၆ ကြိမ်အထိ သတင်းဖော်ပြခဲ့ပါတယ်။ အဲဒီထဲက  Myanmar Jiale Fashion Garment ဟာ ၃ ကြိမ်အထိရှိခဲ့ပြီး Myanmar All Rich က ၂ကြိမ်၊ Huabo Time စက်ရုံက ၁ ကြိမ် သတင်းဖော်ပြခဲ့ပါတယ်။ Myanmar Jiale Fashion Garment စက်ရုံကတော့ ရန်ကုန်မြို့ အခြေစိုက် စက်ရုံ ဖြစ်ပေမဲ့၊ Myanmar All Richနဲ့ Huabo Time စက်ရုံတွေကတော့ ပုသိမ်မြို့ အခြေစိုက် စက်ရုံတွေဖြစ်ပါတယ်။

 

ပုသိမ်အခြေစိုက် စက်ရုံတွေဟာ VERO MODA အပါအဝင် ZARA၊ ONLY ကုန်အမှတ်တံဆိပ်တွေပါ ချုပ်လုပ်ကြ ပါတယ်။ Myanmar All Rich ဟာ Huabo Time စက်ရုံရဲ့ လက်ခွဲလည်းဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ယာယီ ပိတ်သိမ်း ခဲ့တာဖြစ်ပါတယ်။ ဒါပမယ့် စက်ရုံပိတ်သိမ်းမှုအတွက် ဥပဒေပါအတိုင်း အလုပ်သမားတွေအတွက် နို့တစ်တစ်လစာ ပေးဖို့ကိုတော့ စက်ရုံနဲ့ အလုပ်သမားတွေကြား ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးမှ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

 

M&S အမှတ်တံဆိပ်ကတော့ Marks & Spencer  အုပ်စုရဲ့ အဝတ်အထည် အမှတ်တံဆိပ်ဖြစ်ပါတယ်။ နိုင်ငံတကာအမှတ်တံဆိပ်ဖြစ်လို့ ခေါင်းအဖျား ခြေအဆုံး ဝတ်ဆင်နိုင်တဲ့ အဝတ်အထည်တွေ ထုတ်လုပ်နေ ပါတယ်။ လက်ရှိ M&S အမှတ်တံဆိပ်ကတော့ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် စက်ရုံတွေဖြစ်တဲ့ KINGSRICH (Myanmar) Fashion Garment၊ TRISTATE MYANMAR၊ Myanmar Knitting တို့ဟာ M&S အမှတ်တံဆိပ်ကို ချုပ်လုပ်ခဲ့ကြပြီး  ၂၀၂၂ ခုနှစ်အတွင်း အလုပ်သမားတွေ အပေါ် ချိုးဖောက်ကြလို့ ၄ ကြိမ် သတင်းဖော်ပြခံခဲ့ရပါတယ်။ အဲဒီ စက်ရုံထဲက KINGSRICH (Myanmar) Fashion Garment စက်ရုံဟာ ဆန္ဒမပါတာနဲ့ ကြိုတင်အသိမပေးဘဲ အချိန်ပို ဆင်းရတာ၊ အချိန်ပိုမဆင်းတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ လုပ်ရက် တစ်ရက်ပျက်ပါက လုပ်ခ လစာ၊ ရက်မှန်ကြေးနဲ့ တနင်္ဂနွေနေ့အတွက်ပါ ကျပ် ၂၀၀၀၀ ကျော် ဖြတ်တောက်တာ၊ ၂ ရက်ပျက်ပါက ထုတ်လုပ်နိုင်တဲ့ အဆင့် ချခံရတာ ၊ အချိန်ပိုကို တစ်နာရီ  ၆၀၀ ကျပ်ပဲ ပေးတာ၊ နေစားအလုပ်သမားတွေကို အမြဲတမ်း ဝန်ထမ်း  မခန့်တာနဲ့ နေ့စားလုပ်သားတွေ တစ်ရက်ပျက်ပါက အလုပ်ဖြုတ်တာ၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရပါက တာ၀န်ယူမှု မရှိတာ၊ ဖယ်ရီကား စီစဉ်ပေးတာမရှိဘဲ ညချိန်အထိ အချိန်ပို ဆင်းခိုင်းခဲ့တယ်လို သိရပါတယ်။  သက်ဆိုင်ရာ အလုပ်သမားရုံးတွေကို တိုင်ကြားခဲ့လို့  စက်ရုံကိုလာရောက် ကြည့်ရှုပေမယ့် အလုပ်သမားတွေ ရင်ဆိုင်ရတဲ့ အခြေအနေတွေကတော့ မပြောင်းလဲခဲ့ဘူးလို့ သိရပါတယ်။ 

TRISTATE MYANMAR စက်ရုံကတော့ အလုပ်သမားတွေကို အချိန်ပို မနက်အစောပိုင်းခေါ်ယူပြီး တနင်္ဂနွေ ပိတ်ရက်ကို  ဆန္ဒမပါဘဲ လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါအပြင် စံချိန် တိုးတောင်း တာကြောင့် နေ့လယ် စားချိန်တွေမှာပါ လုပ်ကိုင်ပေးခဲ့ရတယ်လို့ သိရပါတယ်။ 

ပုသိမ်မြို့က Myanmar Knitting သိုးမွှေးအထည်ချုပ် စက်ရုံကတော့ ကိုဗစ်ကာလ စက်ရုံပိတ်သိမ်းချိန်မှာ စက်ရုံပြန်လည် ဖွင့်လှစ်ပါက မူလ လစာ၊ မူလရာထူးအတိုင်း ပြန်လည်ခန့်အပ်ပါ့မယ်လို့ ကတိပေးခဲ့ပေမဲ့ ပြန်လည် ဖွင့်လှစ်ချိန်မှာတော့ စက်ရုံသမဂ္ဂခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို ပြန်လည်ခန့်တာ မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောကြားခဲ့ပါတယ်။ 

အလုပ်သမားတွေအပေါ် ချိုးဖောက်မှုသတင်း ၄ ကြိမ်ဖော်ပြခံခဲ့ရတဲ့ နိုင်ငံတကာ အမှတ်တံဆိပ် တစ်ခုကတော့ MOHITO ဖြစ်ပါတယ်။  အမှတ်တံဆိပ်ချုပ်တဲ့ စက်ရုံ ၂ ရုံ တိုင်ကြားခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ စက်ရုံတွေထဲက Myanmar Bestex Garment ရဲ့ သတင်းကို ၃ ကြိမ်ဖော်ပြခဲ့ရတာပါ။  စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတိုင်းက အလုပ်သမားတွေကို အလုပ်ထုတ်ခဲ့သလို ဥပဒေနဲ့အညီ ခွင့်ရက်ခံစားခွင့် မရတာ၊  အလုပ်ချိန်တွင်း အမျိုးသမီး လုပ်သားတွေကို ဆဲဆိုတာ၊ စံချိန်မပြည့်လို့ ဆိုပြီး အချိန်ပိုကြေးမပေးဘဲ ခိုင်းစေတာ ၊ ရှောင်တခင်ခွင့်နဲ့ လူမှုဖူလုံရေးခွင့်တွေ မပေးခဲ့ဘူးလို့ သိရပါတယ်။ 

နောက် စက်ရုံဖြစ်တဲ့ SYSMM Apparel Manufacturing စက်ရုံကတော့ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အချိန်ပိုခေါ်တာ၊ အလုပ်ချိန်ထက် ကျော်လွန် ခိုင်းစေတာနဲ့ ဥပဒေပါ ခွင့်ခံစားခွင့်တွေ မပေးခဲ့ဘူးလို့ ပြောကြား ပါတယ်။ 

နောက်ထပ် နိုင်ငံတကာအမှတ်တံဆိပ်ကတော့ KIABI ဖြစ်ပါတယ်။ ဒီအမှတ်တံဆိပ်ကို ချုပ်လုပ်နေပြီး ၄ ကြိမ် သတင်းဖော်ပြခံထားရတဲ့ စက်ရုံ  ၃ ရုံကတော့ Textile Palace Co.Ltd ၊ GTIG-EASTAR၊ Dishang Kenny garment တို့ ဖြစ်ကြပါတယ်။ အဲဒီအထဲက Textile Palace Co.Ltd စက်ရုံ အလုပ်သမားတွေကို စက်ရုံဘက်က ဖောက်ဖျက် ကျူးလွန်တာတွေကို ဖော်ပြထားပြီး ဖြစ်ပါတယ်။ 

GTIG-EASTAR စက်ရုံ ကတော့ မီးလောင်မှုဖြစ်ပွားပြီး အလုပ်သမားတွေကို ကြားကာလ နစ်နာကြေးပေးတာ မရှိတဲ့အပြင် EU က ထောက်ပံ့တဲ့ ကျပ် ၅၀၀၀၀ ကျော်နဲ့ ခုနှိမ်ဖို့ကို စက်ရုံဘက်က ပြောဆိုတယ်လို့ သိရပါတယ်။ ဒီစက်ရုံဟာ TESCO သား​ရေ အနွေးထည်တွေ အပါအဝင် OVS၊ KIABI၊ C&A၊ TESCO ၊ ZARA၊ House ၊ F&F  စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာ ဖြစ်ပါတယ်။ 

Dishang Kenny garment စက်ရုံဟာ အလုပ်သမားတွေရဲ့ ခွင့်ခံစားခွင့် မပေးတာ၊ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်းတာ၊ ရက်ပျက်ပါက လစာဖြတ်တောက်တာ ပြုလုပ်ခဲ့ပြီး လုပ်ငန်းခွင် ထမင်းစားဆောင် ကောင်းမွန်ခြင်း မရှိဘူးလို့ အလုပ်သမားတွေက ပြောထားပါတယ်။ 

Primark ကုန်အမှတ်တံဆိပ်ကို ချုပ်လုပ်ပေးနေတဲ့ ရန်ကုန်မြို့အခြေစိုက် စက်ရုံတွေထဲက ၃ ရုံက အလုပ်သမား တွေ အပေါ် ချိုးဖောက်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ Myanmar Guotai Huasheng Glory Fashion Co.,Ltd၊ Zong Hong Myanmar Garment၊ GTIG HUASHENS Myanmar စက်ရုံတွေမှာ ချိုးဖောက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ 

Myanmar Guotai Huasheng Glory Fashion Co.,Ltd စက်ရုံမှာ အလုပ်သမားတွေကို ခွင့်မပေးတာ၊ ရက်ပျက် ပါက ကျပ် ၁၅၀၀၀ ကျော်ဖြတ်တောက်တာ၊ ရက်ပျက်ပါက ကျွမ်းကျင်ကြေး ဂရိတ်ကြေးချတာ၊ လူမှုဖူလုံရေး ပေးသွင်းရပြီး ဥပဒေပါ ခွင့်တွေ မပေးတာ၊ ဆေးခန်းရှိပေမဲ့ ဝန်ဆောင်မှုမရှိသလောက် ဖြစ်နေတာ ၊ ခွင့်ယူပြီး အလုပ်ပြန်ဝင်ပါက စက်လိုင်းပြောင်းတာ၊ ဌာန ပြောင်းတာ ၊ လုပ်ငန်းခွင်အတွင်း ခွဲခြားတာ ၊ လစဉ် သာရေးနာရေး  ၅၀၀ ကျပ် ကောက်ခံပေမဲ့ အလုပ်သမားအဖွဲ့အစည်းတွေမှာ ပါဝင်ခဲ့သူတွေကို ထောက်ပံ့ကြေး မပေးတာ၊ ဆဲဆို ဖိအားပေး ခြိမ်းခြောက်တာ၊ မတော်တဆ ပယ်ထည်များပါက သတိပေးလက်မှတ် ထိုးရတာနဲ့ အချိန်ပိုကို ဆန္ဒမပါဘဲ လုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။ 

 Zong Hong Myanmar Garment စက်ရုံကတော့ အလုပ်ချိန် ၁၀ နာရီလုပ်ကိုင်ရပြီး မြန်မာနိုင်ငံအတွင်း သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခထက် နည်းပါးတဲ့ ကျပ် ၄၀၀၀ သာရတယ်လို့ အလုပ်သမားတွေက ပြောဆို ပါတယ်။ ကိုဗစ်စည်းကမ်းတွေကို မလိုက်နာခဲ့သလို၊ ဖယ်ရီ လုံလောက်စွာ ထားမပေးဘဲ  EC စာချုပ်ကို တဖက်သတ် ချုပ်ဆိုခဲ့တယ်လို့ ပြောဆိုကြပါတယ်။ 

GTIG HUASHENG Myanmar ကတော့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုကို ဖော်ထုတ်ခဲ့တဲ့ နေ့စားလုပ်သား ၅၀ ကျော်ကို အလုပ်ကရပ်နားခဲ့ပြီး ၊ အချိန်ပိုလုပ်ခ အပြည့်ဝမပေးတာ ၊ Gate Pass ယူတဲ့အတွက် လစာကနေ ဖြတ်တောက်တာနဲ့ သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတွေကို ခွဲခြားဆက်ဆံခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်အတွင်း နာမည်ကျော် ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ်တဲ့ Adidas ဖိနပ်တွေ ချုပ်လုပ်တဲ့ Myanmar Pou Chen စက်ရုံ အလုပ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီစက်ရုံကတော့ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ထဲမှာ ရှိပြီး လုပ်သား ၇၀၀၀ ကျော် လုပ်ကိုင်နေတဲ့ စက်ရုံ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကာလအတွင်း လုပ်သားတွေ အထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် စက်ရုံတာဝန်ရှိသူတွေထံ အလုပ်သမားတွေက လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို တိုးမြှင့်ပေးဖို့တောင်းဆိုရာမှာ အလုပ်သမား တွေက နည်းလမ်းတကျတောင်းဆိုခဲ့တာဖြစ်ပြီး အလုပ်သမားအရာရှိတွေနဲ့ စက်ရုံတာဝန်ရှိသူ စတင်ညှိနှိုင်းခဲ့ ပါတယ်။ ဒါပေမယ့် တစ်လကျော်ကြာ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ပြေလည်တဲ့ အခြေအနေမရှိတာကြောင့် စက်ရုံအတွင်း ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။  ဆန္ဒပြ အလုပ်သမားတွေက စက်ဘီးဆိုင်ကယ် ပျောက်တာတွေကို တာဝန်ယူဖို့ ၊ သောက်သုံးရေ ကောင်းမွန်မှုမရှိတာ ၊ မညီမျှတဲ့စည်ကမ်းတွေကို ပြုပြင်ပေးဖို့၊ ကြီးကြပ်ရေးခေါင်းဆောင်တွေရဲ့ ရိုင်းပျတာ ၊ စံချိန်တိုးတောင်းမှုတွေ၊ ဖယ်ရီ စီစဉ်ပေးဖို့ အပါအဝင် အနည်းဆုံးလုပ်ခ လုပ်ခ ကျပ် ၈၀၀၀ တောင်းဆိုခဲ့ပါတယ်။ 

စက်ရုံဘက်က ဆန္ဒပြအလုပ်သမားတွေကို မောင်းထုတ်တာ၊ လက်နက်အဖွဲ့အစည်းတွေကို ခေါ်ယူတာ ၊ စက်ရုံ စည်းကမ်းဆိုတာတွေနဲ့ တုန့်ပြန်ပြီး နောက်ဆုံး ဆန္ဒပြအလုပ်သမားတွေကို စက်ရုံအတွင်း ဝင်ခွင့်မပေးတာတွေပါ ပြုလုပ်ခဲ့ပါတယ်။

မြို့နယ်အလုပ်သမားရုံးမှာ ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပေမယ့်  အလုပ်သမား ၂၇ ဦး အလုပ်က ထုတ်ခံခဲ့ရပါတယ်။ ဒီ ကမ္ဘာဖလား ဘောလုံးပွဲက adidas ထုတ်ကုန်တွေကြောင့် စက်ရုံအလုပ်သမားတွေ ဆန္ဒပြမှုနဲ့ အလုပ်ထုတ် ခံရတာကို နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြလို့ ကုန်အမှတ်တံဆိပ်က ကြားဝင်ဖြေရှင်းပေးခဲ့ပါတယ်။ စက်ရုံဘက်က တောင်းဆိုချက် အချို့ကို လိုက်လျှောပြီး အလုပ်သမား အချို့ကို ပြန်ခန့်ပေးခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေအတိုင်း ဆိုပြီး လုပ်ခတိုးမြှင့်ဖို့ လိုက်လျောခြင်း မရှိပါဘူး။ ဒီသတင်းကို ၂၀၂၂ ခုနှစ်အတွင်း ၁၁ ကြိမ်နဲ့ အများဆုံးဖော်ပြခဲ့ ပါတယ်။

 

Myanmar Pou Chen အလုပ်သမားများ လုပ်ခတိုးပေးရေး တောင်းဆိုခဲ့သည့် ကန်ပိန်းတစ်ခု

 

စက်ရုံအလုပ်သမားတွေ အားလုံးပါဝင်ဆန္ဒပြတဲ့ စက်ရုံကတော့ မင်္ဂလာဒုံမြို့နယ်ထဲက    JW (ADK) အထည်ချုပ် ဖြစ်ပါတယ်။ အလုပ်သမားဥပဒေပါ ရပိုင်ခွင့် တွေဖြစ်တဲ့ ခွင့်၊ ဆေးခွင့် ၊ ရှောင်တခင်ခွင့် ၊ လုပ်သက်ခွင့် မရတာ၊  ၂ ရက်ဆက် အလုပ်ပျက်ပါက အလုပ်ထုတ်၊ လုပ်ငန်းခွင်ထဲမှာ ထုတ်လုပ်မှုကြေး၊ ကျွမ်းကျင်ကြေး ရက်မှန်ကြေး တွေ မရှင်းတာနဲ့  ကြီးကြပ်သူတွေ လုပ်ငန်းခွင်အတွင်း အော်ဟစ်ဆဲဆိုတာတွေကြောင့် စက်ရုံလုပ်သားအားလုံး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

၂၀၂၂ ခုနှစ်အတွင်း စက်ရုံလုပ်သားတွေ ဆန္ဒပြခဲ့ရ စက်ရုံလုပ်ငန်း ၈ ခု ရဲ့ သတင်းတွေကို ဖော်ပြခဲ့ပြီး Grab Food၊ CSG (ကျားဖြူ)၊ JW (ADK) အထည်ချုပ်၊ Myanmar Luxury Group Company၊ Mirae or New Way၊ Creative Sewing Garment၊ Cotton Textile Garment Myanmar (Golden Colour Fashion)နဲ့ Myanmar Pou Chen စက်ရုံနဲ့ အလုပ်ငန်းတွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တယ်။

အဲဒီ စက်ရုံနဲ့လုပ်ငန်းတွေက အလုပ်သမားတွေက  အော်ဒါကြေးပြောင်းလဲတာ ၊ လစာထုတ်ရက်နောက်ကျတာ၊ လုပ်ခလစာတိုးမြှင့်ပေးဖို့၊ မီးပျက်တဲ့ရက်အတွက် အစားထိုး ပြန်လုပ်ဖို့ကို စက်ရုံဘက်က ပြောဆိုတာ၊ ကျွမ်းကျင်ကြေး ဖြတ်တောက်တာတွေကြောင့် ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။

 

  • အထည်ချုပ် စက်ရုံတွေဘက်က ဘာတွေအများဆုံး ချိုးဖောက်ခဲ့သလဲ။

၂၀၂၂ ခုနှစ်အတွင်း စက်ရုံ ၁၂၄ ရုံရဲ့  အလုပ်သမား သတင်း တင်ဆက်မှုပေါင်း ၁၆၄ ကြိမ် ရှိတဲ့အထဲက စက်ရုံတွေ ဘက်က အများဆုံး ချိုးဖောက်ခဲ့ အချက်တွေထဲမှာ ခွင့်ယူလို့၊ ရက်ပျက်လို့ ဆိုပြီး လုပ်ခလစာ ဖြတ်တောက်တာ၊ ရပိုင်ခွင့်ကို ငြင်းပယ်တာ၊ ခွဲခြားဆက်ဆံတာ၊ ဆဲဆိုတာတွေ၊ နားရက်မရှိ အချိန်ပိုခေါ်ယူပြီး လုပ်ခ ပေးချေမှု မရှိတာတွေနဲ့ ဥပဒေပါ ခွင့်ရက်တွေကို  ငြင်းပယ်တာတွေ ပါဝင်ပါတယ်။ 

ဖော်ပြထားတဲ့ သတင်းတွေထဲက အချိန်ပိုခေါ်ယူမှု ရှိခဲ့တယ်ဆိုတဲ့ စက်ရုံလုပ်ငန်းပေါင်း ၅၅ ရုံရှိခဲ့ပြီး အဲဒီသတင်း ၆၃ ကြိမ် ဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာ အချိန်ပိုခေါ်ယူ လုပ်ကိုင်စေပြီး လုပ်ခငွေကြေး မပေးဘူးဆိုတဲ့ စက်ရုံကတော့ ၃၃ ရုံရှိ ပါတယ်။ ဒီ စက်ရုံထဲမှာ ၂ ကြိမ်အထက် သတင်းဖော်ပြခံရတဲ့ စက်ရုံကတော့ ၃ ရှိပါတယ်။ အဲဒီ စက်ရုံတွေကတော့ Myanmar Bestex Garment၊ Tianjin Fashion Milestone Garment၊ Myanmar Jiale Fashion Garment စက်ရုံတွေ ဖြစ်ကြပါတယ်။‌

အဲဒီ စက်ရုံတွေမှာ ဥပဒေနဲ့အညီ ခွင့်ရက်ခံစားခွင့် မရှိတာ၊ လုပ်ငန်းခွင်အတွင်း အမျိုးသမီးတွေကို ဆဲဆိုတာ၊ 
အလုပ်ချိန်အတွင်း စံချိန်မပြည့်ဟုဆိုကာ အချိန်ပိုလုပ်ခိုင်းပြီး လုပ်ခမပေးတာ၊ အများပြည်သူ အလုပ်ပိတ်ရက် တနင်္ဂနွေမှာ အချိန်ပို ဆင်းရပြီး လုပ်ခလစာမပေးတာ၊ ဆန္ဒမရှိပါဘဲ အချိန်ပိုဆင်းရတာ၊ အချိန်ပို မဆင်းပါက ခွဲခြားဆက်ဆံတာ၊ ခွင့်နဲ့ ဆေးခွင့် မပေးတာ စတာတွေ ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

 

 

အချိန်ပိုကြေးမပေးသည့် စက်ရုံများသတင်း ဖော်ပြမှု

 

ဒါ့အပြင် ဆန္ဒမပါဘဲနဲ့ ခြိမ်းခြောက် ဖိအားပေးပြီး  အချိန်ပိုဆင်းခိုင်းတဲ့ စက်ရုံပေါင်း ၂၈ ရုံ ရှိပြီး သတင်း အကြိမ် ၃၀ ဖော်ပြခဲ့ပါတယ်။ သတင်းဖော်ပြခံရတဲ့ စက်ရုံတွေထဲက Dishang Kenny garment နဲ့ NEX STAR GARMENT တို့ကတော့ ၂ ကြိမ် ဖော်ပြခံထားရပါတယ်။ အဲဒီထဲက  Dishang Kenny garment ဟာအများ ပြည်သူ အလုပ်ပိတ်ရက်မှာ အချိန်ပို ဆင်းရတာ၊ လုပ်သက် ၃လ အထက်အလုပ်သမားတွေကို အမြဲတမ်း ဝန်ထမ်းအဖြစ် မခန့်တာ၊ ဥပဒေပါ ခွင့်ခံစား ခွင့်မရတာ၊ ရက်ပျက်ပါက လုပ်ခငွေ ဖြတ်တောက်တာ၊ ထမင်းစားဆောင် သန့်ရှင်းမှု မရှိတာနဲ့ ဆန္ဒမပါဘဲ အချိန်ပို ညနက်အထိ လုပ်ကိုင်ခိုင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ဆန္ဒမပါဘဲ အချိန်ပိုဆင်းခိုင်းသည့် စက်ရုံများ သတင်းဖော်ပြခံရမှု

 

  • ခွင့်ခံစားခွင့် 

သတင်းဖော်ပြထားတဲ့ စက်ရုံတွေထဲကနေ ခွင့််ခံစားခွင့်မပေးဘူးဆိုတဲ့ စက်ရုံပေါင်း ၃၀ ရှိပြီး အဲဒီ စက်ရုံတွေရဲ့ သတင်းဖော်ပြမှုပေါင်း ၃၃ ကြိမ်ရှိပါတယ်။  အဲဒီ စက်ရုံထဲက ၃ ရုံကတာ့ ၂ ကြိမ်စီ ဖော်ပြခံထားရပါတယ်။ Lucky Fortune၊ Myanmar Bestex Garment၊ Myanmar Guotai Huasheng Glory Fashion Co.,Ltd တို့က သတင်း ၂ ကြိမ်စီ ဖော်ပြခံထားရတာပါ။ Lucky Fortune နဲ့ Myanmar Bestex Garment တို့ရဲ့ အလုပ်သမားတွေအပေါ် ချိုးဖောက်မှုတွေကို ဖော်ပြထားပြီး ဖြစ်ပါတယ်။ 

Myanmar Guotai Huasheng Glory Fashion Co.,Ltd အထည်ချုပ် စက်ရုံက လုပ်သက်ခွင့်၊ ရှောင်တခင် ခွင့် မပေးတာ၊ အလုပ်ပျက်ပါက တစ်ရက်လုပ်ခ ၊ရက်မှန်ကြေး၊ အချိန်ပိုလုပ်ခ စုစုပေါင်း ကျပ် ၂၀၀၀၀ ဝန်းကျင် ဖြတ်တောက်တာ၊ အထည်စံချိန် မပြည့်ပါက လတ်မှတ်ထိုးခိုင်းတာ၊ လတ်မှတ်သုံးကြိမ်ထိုးရပါက အလုပ်က ထုတ်တာ၊ ဆေးခွင့် မရတာ၊ OT ကြေး မပေးတာနဲ့ လုပ်သား ၃၀ ကို အကြောင်းမဲ့ အလုပ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ 

 

 

ခွင့်ခံစားခွင့်မရသည့် စက်ရုံများ သတင်းဖော်ပြခံရမှု

 

  • အထည်ချုပ်လုပ်ငန်းများနဲ့ စက်မှုဇုန်များ


မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးလုပ်ကိုင်ကြတဲ့ အထည်ချုပ် စက်ရုံလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ စက်မှုဇုန်တွေမှာ လုပ်ကိုင်ကြတာဖြစ်ပါတယ်။ စက်မှုဇုန်တွေမှာ ရင်းနှီးမြှုပ်နှံကြတဲ့ စက်ရုံတွေကို မြန်မာနိုင်ငံရဲ့ ဥပဒေတွေအရ အခွန်ကင်းလွတ်ခွင့်နဲ့ တခြား စီးပွားရေးဆိုင်ရာ အခွင့်အရေးတွေ ခံစားရပါတယ်။ စက်မှုဇုန်တွေမှာလည်း အထူးစီးပွားရေးဇုန်နဲ့ ရိုးရိုး စက်မှုဇုန်လို့ ကွဲပြားပြီး အခွင့်အရေးတွေလည်း ကွဲပြားပါတယ်။ 

စက်ရုံတွေက စက်မှုဇုန်တွေမှာ  ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လို့ အခွင့်အရေးတွေရကြပေမဲ့ စက်ရုံတွေမှာ လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေကတော့ အခွင့်အရေး တစ်စုံတစ်ရာ မရှိကြပါဘူး။ ဒါ့အပြင် အခွင့်အရေးချိုးဖေါက်ခံရလို့ တိုင်ကြားလို့ရမဲ့ အလုပ်သမားရုံးတွေဟာလည်း စက်မှုဇုန်တွေနဲ့ ခပ်ဝေးဝေးနေရာတွေမှာသာ ရှိကြပါတယ်။ 

ဒါကြောင့် အလုပ်သမားတွေအတွက် စက်မှုဇုန်တွေဟာ အထောက်အကူမရကြသလို သက်ဆိုင်ရာ စက်မှုဇုန်ကြီးကြပ်ရေးအဖွဲ့တွေဟာလည်း အလုပ်သမားအရေးနဲ့ ပတ်သက်လို့ ကူညီလုပ်ကိုင်ပေးတာမျိုး မရှိသလောက် ရှားပါတယ်။

Myanmar Labour News အနေနဲ့ အလုပ်သမားသတင်းတွေဖော်ပြတိုင်း တိုင်းကြားခံရတဲ့ စက်ရုံတွေရဲ့ စက်မှုဇုန် တွေကို သေချာမှတ်တမ်း ပြုစုထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း သတင်းဖော်ပြခံခဲ့ရတဲ့ စက်မှုဇုန်တွေထဲ သီလဝါ အထူးစီးပွားရေးဇုန်တွေကစပြီး စက်မှုဇုန် မဟုတ်တဲ့ မြို့နယ်တွေလည်း ပါဝင်ပါတယ်။ ဒီလို စက်မှုဇုန်တွေ အကြောင်း ဖော်ပြရတာဟာ အလုပ်သမားတွေအနေနဲ့ နေရာမရွေး အခွင့်အရေးချိုးဖောက်ခံနေရတယ်ဆို ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပါတယ်။ 

Myanmar Labour News က အလုပ်သမားအရေး အများဆုံး ချိုးဖောက်တဲ့ စက်မှုဇုန် ဇယားပုံစံ (Graph) ကို ဖော်ပြထားပါတယ်။ ဒီ ဇယားပုံစံကတော့ အထည်ချုပ်လုပ်ငန်း စက်ရုံတွေရဲ့ သတင်းတွေကို အခြေခံပြီး ပြုစုထားလည်း ဖြစ်ပါတယ်။ 

 

 

၂၀၂၂ ခုနှစ်အတွင်း ချုပ်လုပ်ရေးလုပ်ငန်းသတင်း အများဆုံး ဖော်ပြခဲ့သည့် စက်မှုဇုန်များ

 

 

  • အလုပ်သမားဦးရေ

၂၀၂၂ ခုနှစ်အတွက် Myanmar Labour News က စက်ရုံပေါင်း ၁၂၄ ရုံရဲ့သတင်းတွေကို ဖော်ပြခဲ့ပြီး အဲဒီ စက်ရုံတွေထဲက စက်ရုံ ၈၅ ရုံရဲ့ လုပ်သားအင်အားကို မေးမြန်းနိုင်ခဲ့ပါတယ်။ အဲဒီ စက်ရုံတွေရဲ့ လုပ်သားအင်အား ဟာ ၈၅၀၀၀ နီးပါးရှိတာကြောင့် သတင်းဖော်ပြမှုတွေက ဒီလုပ်သားတွေအတွက် အထောက်အကူ ဖြစ်စေခဲ့ ပါတယ်။

 

 

  • နိဂုံး

Myanmar Labour News Page မှာ စက်ရုံတွေရဲ့  အလုပ်သမားအခွင့်အရေး ချိုးဖောက်လို့   သတင်းဖော်ပြရာမှာ Page Messenger နဲ့ Comment တွေကနေ လာရောက်ပြောဆိုတာတွေ ရှိပါတယ်။ အများစုကတော့ မကျူးလွန် မချိုးဖေါက်ကြောင်းဆိုပြီး သတင်းကိုဖြုတ်ပေးဖို့ ပြောကြား ဖြေရှင်းကြတာများပါတယ်။ ဒီစက်ရုံအများစုဟာ လုပ်ငန်းခွင်ကောင်းမွန်အောင် မပြုပြင် ကြပါဘူး။ သက်ဆိုင်ရာ အလုပ်သမား အရာရှိတွေနဲ့ပူးပေါင်းပြီး တကယ်အဖြစ်မှန် အခြေအနေတွေကို ဖုံးကွယ်ဖို့ ကျိုးစားကြတာ များပါတယ်။ နောက်တစ်မျိုးကတော့ ဖော်ပြထားတဲ့ သတင်းတွေအောက်မှာ comment တွေ ငွေအင်အားသုံး ပြီး ဒီသတင်းမှားပါတယ်ဆိုပြီး အလုံးအရင်းနဲ့ ရေးသားကြတာပါ။ အဲဒီ comment တွေကို လေ့လာကြည့်ရင် ဘယ်သူ့က ခေါင်းဆောင်၊ ဘယ်သူ ဘာလုပ်ကြတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်တာပါ။ 

Myanmar Labour News အနေနဲ့ သတင်းတွေဖော်ပြရာမှာ ပုဂ္ဂိုလ်ရေးကိစ္စတွေကို အထူးရှောင်ပါတယ်။ နောက် တစ်ကြိမ်တည်း လာရောက်တိုင်ကြားရုံနဲ့ ချက်ချင်း မဖော်ပြပါဘူး။ လာရောက်ပြောဆိုတဲ့ စက်ရုံအခြေအနေတွေ ကို လေ့လာပြီး ဖော်ပြတာ ဖြစ်ပါတယ်။ 

အလုပ်သမားသတင်းတွေ ဖြုတ်ပေးဖို့ လာရောက်ပြောဆိုကြရာမှာလည်း ခြိမ်းခြောက်တာတွေ၊ ငွေကြေးနဲ့ ကမ်းလှမ်းတာတွေလည်း ကြုံရပါတယ်။ သတင်းဌာနကို ဒီလို ကမ်းလှမ်းမှုတွေပြုလုပ်နေမဲ့အစား စက်ရုံတွေအထဲ အလုပ်သမားတွေ ပျော်ရွှင်ရတဲ့ လုပ်ငန်းခွင်ဖြစ်အောင် ကြိုးစားကြဖို့ အကြံပြုလိုပါတယ်။ 

သတင်းတွေဖော်ပြလို့ Myanmar Labour News ကို လာရောက်ညှိနှိုင်းတာထက် ကောင်းမွန်တဲ့ လုပ်ငန်းခွင် အဖြစ် ပြောင်းလဲကြမယ်ဆို မြန်မာ့အထည်ချုပ်လုပ်ငန်းလောကဟာ ကောင်းမွန်လူ့အဖွဲ့စည်းအဖြစ် ပြောင်းနိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်။

Myanmar Labour News ရဲ့သတင်းတွေကြောင့် လုပ်ငန်းခွင်ပြုပြောင်းလဲရေး လုပ်ဆောင်ခဲ့ကြတဲ့ လုပ်ငန်းတွေ၊ လုပ်ငန်းရှင်တွေ၊ လူပုဂ္ဂိုလ်တွေ၊ အကူအညီပေးခဲ့ကြတဲ့ ကုန်အမှတ်တံဆိပ်တွေနဲ့ အလုပ်သမားတွေကို အထူးကျေးဇူးတင် ပါတယ်။

နောက်နှစ်တွေမှာ ဒီထက် တိကျတဲ့ အချက်အလက်တွေ တင်ပြနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ 

Download Link MM Version

Myanmar Labour News( Research Team )

မင်းနီကျော် ရေးသားပြုစုသည်။