ARTICLE

"လုပ်ငန်းခွင်ထဲမှာ အထာကျကျ အလုပ်လုပ်မယ်" ContentByMyanmarLabourNews

CoverLogo
874 Views

ငယ်ရွယ်သူတွေအတွက် လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်တယ်ဆိုတာ တက္ကသိုလ်တက်ရသလိုပါပဲ။ ယူတတ်မယ်ဆိုရင်  သင်ယူစရာတွေအပြည့်ပါပဲ။အလုပ်ဆိုရာမှာလဲ ငွေကြေးပဲရရ၊ အလုပ်သင်ပဲဖြစ်ဖြစ် ကာယ ဉာဏ အကုန်နီးပါး အကျုံးဝင်ပါတယ်။

အခုပြောပြပေးမှာကတော့ ကိုယ်တိုင် လုပ်ငန်းခွင်ထဲမှာ ဖြတ်သန်းရင်းရခဲ့တဲ့အတွေ့အကြုံတွေပါ။ တယောက်နဲ့တယောက် သင်ယူခဲ့ရတာချင်းတူမှာ မဟုတ်ပေမယ့်  ခေတ်ကာလအရ  သိသင့်သိထိုက်မယ်ထင်လို့ပါ။ ခုစာက ဆယ်ကျော်သက်တွေအတွက်ပါနော်။

(က) ရည်မှန်းချက်။

လူတိုင်းအတွက် အနာဂတ်မှာဖြစ်ချင်တဲ့  ရည်မှန်းချက်တွေ ရှိပါတယ်။ ခုလုပ်နေတဲ့ အလုပ်က သင့်ရည်မှန်းချက်ဆီအရောက်သွားဖို့ အလှမ်းဝေးနေလား နီးနေလား ချိန်ဆပါ။ သင်က အားကစားနဲ့ပတ်သက်ပြီး ရည်မှန်းထားပေမယ့် အလုပ်က တနေကုန်ထိုင်နေရတာမျိုးလား။ အဲ့ဒါဆို အားတဲ့အချိန်မှာ အားကစားလေ့လာတာမျိုး။ ပိတ်ရက်မှာပဲဖြစ်ဖြစ်  အချိန်ပေးလို့ရပါတယ်။

ခုခေတ်မှာ အသိပညာ အတတ်ပညာမျိုးစုံကို အွန်လိုင်းကနေ အလွယ်တကူရှာဖွေလို့ရနိုင်ပါတယ်။
အလုပ်လုပ်ပြီး မှ ရည်မှန်းချက်တွေအကောင်အထည်ဖော်မယ်ဆိုရင် နောက်ကျသွားပါလိမ့်မယ်။သင်ဖြစ်ချင်တာနဲ့  အနာဂတ်မှာ လုပ်ဖို့ ရည်မှန်းထားတာမျိုးရှိရင် လက်ရှိအလုပ်လုပ်နေရင်းနဲ့ တွဲလုပ်လို့ရပါတယ်။ သင့်မှာ ဖြစ်ချင်တဲ့ရည်မှန်းချက်တစ်ခုရှိတယ်ဆိုရင် အခုကတည်းက စလုပ်ပါတော့။

(ခ)လုပ်ငန်းခွင်ထဲမှာအထာကျကျနေမယ်။

ငယ်စဉ်က လုပ်ငန်းခွင်ထဲမှာအထာကျကျ နေရမှာကိုမသိခဲ့ပါဘူး။ လုပ်ငန်းခွင်ဆိုတာ ကိုယ်ယူထားတဲ့  အလုပ်တာဝန်တွေကို ပြီးမြောက်စေဖို့ ၊ မသိသေးတာတွေကိုသင်ယူဖို့ ၊ အမှားတွေကနေ သင်ခန်းစာယူဖို့ ၊ အပေါင်းအသင်း မိတ်ဆွေတိုးချဲ့ဖို့ ၊ ကျန်းမာရေးကောင်းဖို့၊  လူ့အဖွဲ့အစည်းနဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်ဖို့၊ စည်းကမ်းနဲ့ စနစ်တကျ လုပ်ကိုင်တတ်စေဖို့  နဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်အစစ်တွေအကောင်အထည်ဖော်ဖို့ အသုံးချရမယ့် လှေကားသဖွယ်နေရာတစ်ခုပါ။

လုပ်ငန်းခွင်ထဲမှာ တယောက်ယောက်ကို ရှိန်နေရတာမျိုး ၊ ရှောင်နေရတာမျိုးက အလုပ်ကိုထိခိုက်စေပါတယ်။သင်ရထားတဲ့နေရာက သင်နဲ့ အလုပ်ရှင်တို့ရဲ့ နှစ်ဦးနှစ်ဖက်သဘောတူညီမှုနဲ့ လုပ်ဆောင်နေတဲ့ အသေးစား လုပ်ငန်းလေးတစ်ခုပါပဲ။

ဒါကြောင့် ဒီအရာတွေနဲ့ မပတ်သက်တဲ့ လုပ်ငန်းခွင်ထဲမှာ လူမှုရေးဖောက်ပြန်တာမျိုးတွေ အတင်းပြောတာတွေ မလိုအပ်ဘဲ  အချိန်ဖြုန်းနေတာတွေက သင့်ဘဝအတွက် အဟန့်အတားတွေ ဖြစ်စေမှာပါ။

အလုပ်ခွင်ထဲမှာ လုပ်ငန်းနဲ့ မသက်ဆိုင်တာတွေ ငွေချေးတာ၊ ဈေးရောင်းတာ၊ အထက်လူကြီးကို မကောင်းပြောတာတွေ ( တကယ်မကောင်းရင်တောင်) ရှောင်ပါ။

တခါတလေ ဘာမဟုတ်တဲ့ စကားတစ်ခုကြောင့် အချင်းချင်း မသင့်မမြတ်ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်လုပ်ငန်းကမဟုတ်တဲ့  ဝန်ထမ်းနဲ့ က အစသင့်မြတ်အောင်နေပါ ၊ ဒါက ပေါင်းသင်းဆက်ဆံရေး အရည်အသွေးတစ်ခုပါပဲ။

ကိုယ့်အထက်က လူကို လေးစားပြပြီး ကိုယ့်အောက်က လူကိုဖိပြတာဟာ မှန်ကန်တဲ့ ကိုယ်ရည်သွေးမှုမဟုတ်ပါဘူး။လူတိုင်းကိုတလေးတစားဆက်ဆံပေးခြင်းအားဖြင့် သင့်ပတ်ဝန်းကျင်က လူတွေအားလုံးရဲ့ ချစ်ခင်မှုကိုရယူနိုင်ပါတယ်။ ဒါကလည်းအောင်မြင်မှုတစ်ခုပါပဲနော်။

(ဂ) မရှက်ပါနဲ့ ။

သင့်မှာအလုပ်တစ်ခုရှိနေပေမယ့် လူပေါင်း သန်းနဲ့ချီအလုပ်အကိုင်မရှိပါဘူး။ ဒါကြောင့် အလုပ်လုပ်ရမှာမရှက်ပါနဲ့ ။ အခုလုပ်နေတဲ့အလုပ်က လူ့အသိုင်းအဝိုင်းတစ်ခုလုံးလည်ပတ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ သင်က အရေးကြီးတဲ့ အလုပ်တစ်ခုကိုလုပ်နေရတာမို့ အလုပ်လုပ်ရတာ မရှက်ပါနဲ့။ သင့်တာဝန်က လက်ရှိတာဝန်ကို အပြည့်အဝထမ်းဆောင်ဖို့ပါပဲ။ မကျွမ်းကျင်သေးရင် ကျွမ်းကျင်တဲ့အထိ အချိန်ပေးပြီးသင်ယူပါ။ ( သင်ကိုယ်တိုင် ရှက်နေရတဲ့ အလုပ်မျိုးဆိုရင်တော့ အချိန်ယူပြီး ရုန်းထွက်ပါ)။

(ဃ)တာဝန်ယူပါ။

အလုပ်ထဲမှာ လွဲမှားတာတစ်ခုခုလုပ်မိရင် တာဝန်ယူပါ။  အကျိုးစီးပွား ထိခိုက်သွားသူကို တောင်းပန်ပါ။(ဘောစ့်ကို ထိခိုက်သွားစေရင် တောင်းပန်ပါ)  အဲ့ဒီကနေ သင်ယူပါ။ အမှားဆိုတာ ဆရာကောင်းတဆူပါပဲ။ အရာရာတိုင်းက နောက်ပြန်ပြင်လို့မရတာမို့ ပြင်လို့မရမယ့်အမှားဆို ရှောင်ပါ။ အခုလုပ်နေတဲ့အလုပ်က သင်တာဝန်အကြီးကြီးတွေထမ်းဆောင်တဲ့အခါ တာဝန်ခံတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်ဖြစ်လာအောင် ကြိုတင်ပြင်ဆင်နေတဲ့ သဘောလို့ သဘောထားပါ။

အလုပ်ထွက်မယ်ဆိုရင်လည်း လုပ်ငန်းစဉ်အတိုင်း စာကိုသေသေချာချာတင်ပြီးမှ ထွက်ပါ။ လုပ်ငန်းတစ်ခုစီတိုင်းမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပေးပါ။အလုပ်က သင့်ကိုစည်းကမ်းလိုက်နာတတ်သူတယောက်ဖြစ်အောင် လေ့ကျင့်ပေးတာမို့လို့ပါနော်။

(င)မစိုးရိမ်ပါနဲ့။

ဘောစ့်က သင့်ကိုအလုပ်ဖြုတ်မှာကို စိတ်ပူမနေပါနဲ့။ စိုးရိမ်နေရတာဟာ အလုပ်ကိုထိခိုက်စေပါတယ်။နေ့ရက်တိုင်းမှာ အလုပ်ဖြုတ်မှာကို စိုးရိမ်ပူပန်နေရရင် မကောင်းပါဘူး။( သင့်ကို အလုပ်ဖြုတ်ဖို့ ဆုံးဖြတ်မယ့် သူဟာ အလုပ်ရှင်မို့လို့ သူဖြုတ်မယ်ဆိုရင် သင်ဟာ အလုပ်ပြုတ်ပြီးနေပါပြီ)။အဲ့ဒီအစား တာဝန်ရှိသူတယောက်နဲ့ စကားပြောပါ၊ ဘယ်လိုခံစားနေရကြောင်းရင်ဖွင့်ပါ။ လုပ်ငန်းမကျွမ်းကျင်သေးဘူးဆိုရင် ကြိုးစားသင်ယူပါ။ ( တကယ်ကြိုးစားတဲ့လူတိုင်းကို အခွင့်အရေးပေးတတ်ကြပါတယ်။)

(စ)ဝတ်စားဆင်ယင်မှုနဲ့ ကျန်းမာရေး။

သန့်ရှင်း သပ်ရပ်စွာ ဝတ်စားဆင်ယင်ပါ။ အလုပ်ရှိတဲ့သူတိုင်းကတော့ ဝင်ငွေရှိနိုင်တာမို့လို့  ကိုယ့်ဝင်ငွေနဲ့ သင့်တော်တဲ့ အဝတ်အစားရွေးချယ်ပြီး အထာကျကျ ဝတ်စားနေထိုင်ပါ။ အဝတ်အစားကလည်းဝတ်တတ်၊ ကိုယ်အမူအယာ ကလည်း ယဉ်ကျေးတယ်ဆိုရင် တကယ်ကိုကြည့်ကောင်းစေပါတယ်။ ( အထာကျကျ ဝတ်စားဆင်ယင်ဖို့ အွန်လိုင်းမှာ ရှာဖွေလေ့လာလို့ရနိုင်ပါတယ်)။

အလုပ်လုပ်တဲ့အရွယ်တွေက အများအားဖြင့် ကျန်းမာတဲ့ အရွယ်တွေပါပဲ။ အလုပ်လုပ်နေရလို့ ကျန်းမာရေးကို လျစ်လျူမရှု့လိုက်ပါနဲ့ ။ ကျန်းမာရေးသာ ထိခိုက်မယ်ဆိုရင် ဘာမှဆက်လုပ်လို့ရမှာမဟုတ်တော့ပါဘူး။ အရေးကြီးဆုံးက ကျန်းမာရေးဆိုတာလည်းမမေ့ပါနဲ့။ သန့်ရှင်းတဲ့ရေ နဲ့ အခြေခံအစားအသောက်တွေကို ဆရာဝန်တွေရဲ့ လမ်းညွှန်မှုနဲ့ စားသောက်ပါ( ဒီအချက်တွေကိုလည်း အွန်လိုင်းမှာ ရှာဖွေလို့ရနိုင်ပါတယ်။)

(ဆ)ငွေကြေး နဲ့ မိသားစု ထောက်ပံ့ရေး။

အမှန်ပါပဲ။ ငွေကြေးက သိပ်အရေးကြီးပါတယ်။ လူအများစုကတော့ ငွေကြေးလိုအပ်ချက်ကြောင့် အလုပ်လုပ်နေရတာ မဟုတ်ပါလား။ မြန်မာလူငယ်တွေရဲ့ အများစုက အိမ်ကိုထောက်ပံ့ဖို့ အလုပ်လုပ်နေကြရတာ စာရေးသူကိုယ်တိုင်အပါအဝင်ပါပဲ။

အိမ်ထောင်မပြုရသေးခင်မှာ မိဘ ညီအကိုမောင်နှမနဲ့ ဆွေမျိုးတွေကိုထောက်ပံ့ပေးနေသူတွေရှိပါသလား။ ရှိနေရင် "ဂုဏ်ယူတယ်"လို့ ပြောချင်ပါတယ်။

သင်ဟာ တခါတလေမှာ ကိုယ်ရှာဖွေတဲ့ ငွေကြေးကို ကိုယ်စိတ်ရှိတိုင်းမသုံးရဘဲ တခြားကို ထောက်ပံ့နေရာမျိုးကြောင့် စိတ်အဆင်မပြေတာ ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါကို အကောင်းဘက်က တွေးကြည့်မယ်ဆိုရင် ဒီငွေကြေးက သင့်ကိုလမ်းမှားရောက်အောင် မလုပ်နိုင်တော့ပါဘူး။ အိမ်ကလေးစားမှုလဲရမယ် ။ အရက် ဘီယာ မူးယစ်ဆေးဝါးတွေလည်း အလွယ်တကူမသုံးစွဲနိုင်တော့လို့ သင့်ဘဝတိုးတက်ဖို့အတွက် အထောက်အကူဖြစ်ပါလိမ့်မယ်။ ကြံဖန်ပြီး ကျေးဇူးတင်လိုက်ပါနော့်။

စာကိုအဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ အခုပြောပြသွားတဲ့အချက်တွေက စာရေးသူကိုယ်တိုင်လုပ်ငန်းခွင်ထဲမှာ ဖြတ်သန်းရင်း ရခဲ့တဲ့အတွေ့အကြုံတွေမို့ တိုက်ဆိုင်မှုမရှိတာတွေလည်းရှိနိုင်ပါတယ်။

အလုပ်လုပ်သူတိုင်း လုပ်ငန်းခွင်တိုင်းမှာပျော်ရွှင်စေဖို့ ရည်ရွယ်ရေးသားလိုက်ပါတယ်။

သင်ရော လုပ်ငန်းခွင်ထဲမှာ သင်ယူခဲ့ရတာမျိုးတွေရှိရင် ပြောပြပေးသွားပါနော်။

တကယ်လို့ လုပ်ငန်းခွင်ထဲမှာ နားရက်မရတာအလုပ်ချိန်၁၂ နာရီထပ်များနေတာလုပ်အားခမရရှိတဲ့ အတင်းအကျပ် ခိုင်းစေမှုတွေကြုံတွေ့နေရတာရှိနေတယ်ဆိုရင်  Myanmar Labour News  ကိုလာရောက်ပြောကြားလို့ရပါတယ်။

Editor
MyanmarLabourNews
LabourRight
ဆယ်ကျော်သက်များအတွက်လုပ်ငန်းခွင်အတွင်းအဆင်ပြေစေဖို့။
 


Related posts