ARTICLE

မာယာဒေဝီ ဂေါတမီမှသည် စစ်ကြောရေးရောက် သားသည်မိခင်ဆီသို့

CoverLogo
6.3K Views

စစ်အာဏာသိမ်းမှု့ကို ၈ လတာအံတုလာတဲ့အမျိုးသမီးတဦးဟာ သြဂုတ်လမိုးရာသီညတစ်ညမှာ သူနေထိုင်ရာတိုက်ခန်းထဲမှာပဲ သမီးငယ်လေးအပါအဝင် လင်သားဖြစ်သူတို့နဲ့အတူတစ်နေ့တာပင်ပန်းနွယ်နယ်မှုကိုဖြေဖျောက်လို့နေပါတယ်။

ဒါပေမယ့်ဒီမိသားစုလေးဆီကိုမထင်မှတ်ထားတဲ့ကြမ္မာဆိုးက မကြာခင်မှာပဲဝင်ရောက်လာတော့မှာဆိုတာသူမရောအိမ်သားတွေပါမသိခဲ့ပါဘူး။

"ကျမတို့တစ်အိမ်ကျော်ကို တံခါးတွေရိုက်ဖွင့်နေတာကြားပေမယ့် ကိုယ်ကလဲအရေးမကြီးတဲ့သူဆိုတော့အေးအေးဆေးဆေးပဲနေနေတာ ဒါပေမယ့်ကျမဆီသူတို့ရောက်လာခဲ့တယ် အိမ်အပေါ်ထပ်ကသတင်းပေးကိုယ်တိုင်တိုက်အောက်ကသော့ကိုသွားဖွင့်ပေးခဲ့တာပေါ့"လို့ မလီလီ(အမည်လွှဲ)ကသူမအဖမ်းခံခဲ့ရတဲ့အခြေအနေကိုပြောပါတယ်။

သူ့ကိုစစ်သားတွေက သူနေထိုင်ရာကမာရွတ်မြို့နယ်ထဲက တိုက်ခန်းတခုမှာပဲ သူမနာမည်ကိုမေးပြီးဖမ်းသွားတာပါ။သူမပထမဆုံးရောက်ရှိသွားတာကတော့တခါမှရောက်လိမ့်မယ်လို့ မထင်မှတ်ထားတဲ့ကမာရွတ်ရဲစခန်းကအချုပ်ခန်းတခုပါ။

"စခန်းရောက်ရောက်ချင်းတစ်ယောက်ပြီးတယောက်မေးကြတယ်ပေါ့ အဲ့တုန်းကတော့ပုံမှန်ပဲမေးတာပေါ့ ပြီးမှကျမကိုစစ်ကြောရေးပို့မယ်လို့ပြောတာ"လို့သူမကဆက်ပြောပါတယ်။

ကမာရွတ်ရဲစခန်းမှာနေပြီး ၃ ရက်အကြာမှာပဲ စခန်းကိုစစ်ကားတစ်စီးယောက်လာပြီးသူမအပါအဝင် ၃ ဦးကိုမျက်လုံးမှာမတ်စ်နဲ့အုပ်ပြီးစစ်ကြောရေးကိုခေါ်ဆောင်သွားပါတော့တယ်။

မလီလီလိုအိမ်ထာင်သည်အမျိုးသမီးတယောက်အတွက်တော့ငရဲခန်းအစလို့ဆိုနိုင်ပါတယ်။

"လာခေါ်ပြီးကားပေါ်ရောက်တေတာ့ မဂ်လာဒုံကိုမောင်းဆိုပြီးပြောတယ် တကယ်ရောက်သွားတာ အဲ့ဒီ့နေရာမဟုတ်ပါဘူး"လို့မလီလီကMLN ကိုဆက်ပြောပါတယ်။

မဂ်လာဒုံစစ်ကြောရေးလို့ဆိုပေမယ့် သူမတကယ်ရောက်သွားတဲ့နေရာကမှောင်မဲတိတ်ဆိတ်နေတဲ့ရုံးခန်းလို ခပ်ကျယ်ကျယ်နေရာကြီးတခုပါ။

ရောက်ရောက်ချင်းတော့စစ်ယူနီဖောင်းဝတ်အချို့က အမှန်အတိုင်းပြောဖို့ လေပြေလေးနဲ့လာပြောခဲ့ပေမယ့် သူမကတော့မကြာခင်လာတော့မယ့်မုန်တိုင်းကို့ ဖြတ်သန်းဖို့ အံကြိတ်ကာစောင့်နေပါတယ်။

စစ်ကြောရေးရောက်ပြီးစ ညဖက်မှာပဲစစ်ဘီလူးတွေရဲ့ဇာတိကပြလာပါတော့တယ်။

"ကျမနဲ့ပါလာတဲ့ကလေးတယောက်ရယ် နောက်တယောက်ရယ်ကို ပထမအရင်အတူတူစစ်တယ် ပြီးတော့ကျမကိုပြန်လွှတ်ပြီးမှတယောက်ထဲထပ်ခေါ်တယ်"

သူမအခန်းပြန်ပြီးသိပ်မကြာခင်မှာပဲ သူမတယောက်ထဲကိုစစ်ဆေးဖို့သီးသန့်လာခေါ်ပါတော့တယ်။ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာသိပေမယ့် မလီလီတယောက်အမျိုးသမီးတဦးပီပီထိပ်လန့်စိုးရိမ်စိတ်ကဝင်လာပါတယ်။

"ပြန်လာခေါ်တော့ကျမကိုစစ်သားအယောက် ၂၀ လောက်ကနံပါတ်တုတ် ကော်ပိုက်တုတ်တွေနဲ့ဝိုင်းထားတယ် ပြီးတော့ကျမပြောသမျှကိုဒီကောင်မလိမ် နေတာဆိုပြီးရိုက်တာ တင်ပါးတွေ ဒူးတွေ ခေါင်းတွေ ဂျိုစောင်းတွေစုံနေတာပဲ"လို့စစ်ကြောခံခဲ့ရတဲ့အချိန်အတွင်းသူမ ရိုက်နှက်ခံရတာတွေကိုဆက်ပြောပါတယ်။

သူမကို အဓိကတောထဲနဲ့အဆက်အသွယ်ရှိလား KNU တပ်မဟာ ၆ နဲ့အဆက်အသွယ်ရှိလား ဆိုတဲ့မေးခွန်းတွေကိုသာတွင်တွင်မေးခဲ့တယ်လို့ဆိုပါတယ်။

သူမဟာစစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒထုတ်ဖော်ပွဲတွေမှာတက်တက်ကြွကြွပါဝင်ခဲ့ပေမယ့် အဲ့လောက်အထိအဆက်အစပ်မရှိတာကိုအမှန်အတိုင်းဖြေပေမယ့် သူမအိပ်လို့မရအောင်အထိရိုက်နှက်နှိပ်စက်ခံခဲ့ရပါတယ်။

"ကျမသားလောက်အရွယ်ကသူတို့ရိုက်ပြီးပြန်ထတုန်းမှာပဲ ခင်ဗျားကအသက်ကြီးပေမယ့်တောင့်လိုက်တာဆိုတဲ့စကားကိုမိုက်မိုက်ရိုင်းရိုင်းပြောတာအခံပြင်းဆုံးပဲ"

ဒီစကားလုံးကအမျိုးသမီးတဦး အပေါ်လိင်ပိုင်းဆိုင်ရာစော်ကားတဲ့အသုံးအနှုန်းလို့ဆိုနိုင်ပါတယ်။ဒါကိုစစ်ယူနီဖောင်းဝတ်တွေကသုံးရတာသိပ်သဘောကျတဲ့ပုံပါ။

သူမစစ်ကြောရေးကာလက ကံကောင်းစွာနဲ့ပဲတိုတောင်းခဲ့ပြီ းသူမကိုကမာရွတ်စခန်းကိုပြန်ပို့လာပါတယ်။ဒီလိုနဲ့ကမာရွတ်စခန်းကိုပြန်ရောက်လာတဲ့အခြေအနေကိုသူမကဆက်ပြောပါတယ်။

"စခန်းရောက်တော့စခန်းရှေ့မှာကားရပ်မှာတောင်ကျမကြောက်နေပြီ ကျမစခန်းရောက်တော့ဘာမှစားမရတော့ဘူး ထမင်းမပြောနဲ့ရေတောင်မျိုချမရတဲ့အခြေအနေပဲ"


မလီလီကိုစစ်ကြောရေးကပေးလိုက်တဲ့ခန္ဓာကိုယ်ဒဏ်ရာနဲ့စိတ်ဒဏ်ရာကတော့ကပ်ပါလာတယ်လို့ဆိုရမှာပါ။

ကာမာရွတ်စခန်းမှာ ပဲတရားသူကြီးဆိုသူက မလီလီကိုအချုပ်ထဲမှာပဲမေးပြီး ၅၀၅-က နဲ့တရားစွဲထားတဲ့အကြောင်းပြောခဲ့တာလို့သိရပါတယ်။

"ရမန်ပြည့်ရင် အင်းစိန်သွားရမယ်ပြောတယ် ကျမတသက်နဲ့တကိုယ်ကြုံရမယ်လို့မထင်ထားတဲ့နေရာပေါ့ ကျမစစ်ကြောရေးအပါအဝင်အချုပ်ထဲမှာရော ၁၉ရက် နေခဲ့ရပြီးတော့အင်းစိန်ကိုရောက်တာပေါ့"

စစ်ကြောရေး ၂ ရက်တာကာလနဲ့ကမာရွက်အချုပ်ထဲ ၁၉ ရက်လောက်နေခဲ့အပြီးမှာတော့ မလီလီတယောက်အင်းစိန်ထောင်ကအမျိုးသမီးအဆောင်ကိုရောက်ရှိသွားပါတော့တယ်။

"ထောင်အပေါက်ဝကအမျိုးသမီးကကိုယ်မွေးရင်ကိုယ့်သမီးလောက်ပဲရှိပေမယ့် တော်တော်ရိုင်းတာ ကောင်မချင်းကိုမိုးမွှန်နေတာပဲ ကျမအိမ်ကပေးလိုက်တဲ့ပစ္စည်းတွေလဲအကုန်ပစ်ခဲ့ရတယ် ထောင်ထဲရောက်စနေ့က ထမင်းကမရှိတော့ပေမယ့်နိုင်ကျဥ်းတွေက ကျမကိုကူညီကြလို့စားရတယ်"

အင်းစိန်ထောင်ထဲမှာနေခဲ့ရတဲ့ အချိန်တွေမှာသူမအတွက်သိပ်ထွေထွေထူးထူးမရှိခဲ့ပေမယ့် နံပါတ်တုတ်မြင်တာနဲ့ကြောက်လန့်စပြုလာတဲ့စိတ်ဒဏ်ရာတခုက သူမမှာစွဲကပ်သွားတယ်လို့သူမကပြောပါတယ်။

"အဲ့မှာရှိတုန်းကအကျဥ်းသူအချင်းချင်း ရန်ဖြစ်တော့ ထောင်ဝန်ထမ်းအမျိုးသမီးတွေနံပါတ်တုတ် ကိုင်ပြီးပြေးလာတာမြင်တော့ ကျမဖင်ထိုင်ရက်လဲကျသွားတယ် စိတ်ကအဲ့လောက်အထိဖြစ်နေပြီ"

ဒီလိုနဲ့သူမအင်းစိန်ထောင်ထဲမှာ ၁ လနဲ့ ၁၀ရက်တိတိနေခဲ့ပြီးနောက်မှာတော့စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ပြန်လွတ်လာပါတယ်။

ဒီလိုလွတ်မြောက်လာခဲ့ပေမယ့် စစ်ကြောရေးအချုပ်နဲ့ထောင်ထဲကပေးတဲ့ စိတ်ဒဏ်ရာတွေကပြင်ပလောကအထိကပ်ပါလာဆဲပါ။

"ကျမဟိုနားကအသံကြားဒီနားကအသံကြားရင်အိပ်လို့မရတော့ဘူးအမြဲစိုးရိမ်မှု့တွေနဲ့နေနေရတယ်"

ဒီလိုကိစ္စမျိုးကစစ်အုပ်စုအာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်သူတွေအများအပြားခံစားခဲ့ရတဲ့ခံစားနေရဆဲ ထရော်မာတခုလို့ပြောလို့ရပါတယ်။

ဒီစစ်အုပ်စုရဲ့လုပ်ရပ်​ေတွေထဲမှာ အမျိုးသမီးတွေကိုလိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားတာတွေ စစ်ကြောရေးရောက်လာတဲ့အမျိုးသမီးတွေကိုလိင်အကြမ်းဖက်တာတွေစစ်ဆင်ရေးနယ်မြေတွေမှာအဓမ္မ မှု့ကျူးလွန်တာတွေပါဝင်နေတယ်လို့သတင်းဌာနတွေကအထောက်အထားနဲ့ဖော်ထုတ်ထားပါတယ်။

တွေ့သမျှလူဖမ်းဆီးတာတွေ သတ်ဖြတ်တာတွေ အကြမ်းဖက်တာတွေ နေ့စဥ်နဲ့အမျှကြုံတွေရတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ကတော့ဒီစိတ်ဒဏ်ရာကိုမေ့ပြီး စစ်အုပ်စုပြုတ်ကျရေးကိုသာ အာရုံစိုက်တော်လှန်ခုခံနေကြဆဲပါ။

မြန်မာနိုင်ငံမှာ နေထိုင်တဲ့  မလီလီလိုအမျိုးသမီးတွေကတော့ ဘုရားရှင်လက်ထက်က မာယာဒေဝီနဲ့မိဒွေးတော်ဂေါတမီတို့လို တန်ဖိုးထားမခံရတဲ့အပြင် စစ်အုပ်စုရဲ့လိင်အကြမ်းဖက်တာတွေ မတရားပြုကျင့်ခံရတာတွေနဲ့ ငရဲခန်းမှာပဲရှိနေဆဲလို့ဆိုနိုင်ပါတယ်။

စကားချပ်။ ။ယခုဆောင်းပါးထဲမှာပါဝင်သောမလီလီ(အမည်လွှဲ)မှာယခုအချိန်အထိ စစ်အုပ်စုရဲ့ရန်ကြောင့်သမီးငယ်လေးတဦးနဲ့အတူထွက်ပြေးတိမ်းရှောင်နေရပါတယ်။


Related posts

Cover
"ခက်ခဲတဲ့ မနက်စာ"
Apr 19, 2023
Cover
တစ်သန်းကျော်ထဲက တစ်ဦးဖြစ်တဲ့ မောင်ပိုင်ရဲ့ အိမ်မက် - Story-MLN
Jun 19, 2022
Cover
တော်လှန်ရေးတပ်ဦးဆီကပြည့်သူ့ကာကွယ်ရေးအမျိုးသမီးတပ်သားတဦးရဲ့ပေးစာ
Feb 25, 2022
Cover
အာဏာသိမ်းမှု ၊ အလုပ်အကိုင်နဲ့ ဘဝအမောများကြားက ပန်းရံသမ ဒေါ်ချစ်မွှေး
Feb 15, 2022
Cover
CDM (သို့မဟုတ်)အသိုက်မရှိလဲပျံသန်းနေဆဲငှက်များအကြောင်း
Feb 05, 2022
Cover
အလုပ်လက်မဲ့သတင်းသမားတစ်ဦးနှင့်တွေ့ဆုံခြင်း
Jan 14, 2022
Cover
တောင်သူမှသည်တော်လှန်စစ်ချီမယ့် အမျိုးသမီးပြောက်ကြားစစ်သည်
Dec 03, 2021
Cover
အလုပ်သမားတယောက်ရဲ့ ဒိုင်ယာရီ
Nov 13, 2021