ARTICLE

ဥပဒေကို ကျော်လွန်ပြီး စာချုပ် ချုပ်ဆိုခိုင်းစေ နေတဲ့ အစားအသောက်သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကြီးများအောက်မှာ riders များရဲ့ အလုပ်သမားအခွင့်အရေး ကြီးမားစွာ ချိုးဖောက်ခံနေရ

CoverLogo
1.2K Views

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ အထိမ်းအကွပ်မဲ့စွာ ပိုမိုများပြားလာနေတာပါ။

အဲ့ဒီ အထဲကမှ အစားအသောက် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေကတော့ ဒီကာလ မတိုင်ခင်ကတည်းက ဥပဒေနဲ့ မကိုက်ညီတဲ့ နှစ်ဦးနှစ်ဘက်သဘောတူစာချုပ်တွေ ချုပ်ဆိုပြီး လုပ်ငန်းခွင်မှာ ‌လုပ်ကိုင်နေခဲ့ကြရပါတယ်။

အစားအသောက်သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကြီးတွေကနေ riders(သယ်ယူပို့ဆောင်သူတွေ)ကို အချိန်ပိုင်း လုပ်သား ခိုင်းစေရာမှာ ပြဌာန်းထားတဲ့ ဥပဒေကို ကျော်လွန်ပြီး စာချုပ်ချုပ်ဆို ခိုင်းစေနေကြတာလည်း ဖြစ်ပါတယ်။

ဥပဒေအရ အမြဲတမ်း ခန့်အပ်ဝန်ထမ်းဖြစ်စေ၊ အချိန်ပိုင်းဖြစ်စေ၊ ယာယီဖြစ်စေ၊ ပုတ်ပြတ်ဖြစ်စေ အလုပ်သမားတွေဟာ ဥပဒေရဲ့အကာအကွယ်နဲ့အလုပ်သမားခံစားခွင့်တွေ ရရှိကြရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကုမ္ပဏီကြီးတွေဘက်ကနေ riders တွေကို ကန်ထရိုက်တာ၊ သို့မဟုတ်၊ မိတ်ဖက် ပါတနာ အနေနဲ့သာ သဘောတူစာချုပ် ချုပ်ဆိုခိုင်းပြီး အလုပ်သမားအခွင့်အရေးတွေ ပေးတာမရှိပဲ အလုပ်သမားတစ်ဦးသဖွယ် ခိုင်းစေနေကြတာလည်း ဖြစ်ပါတယ်။

ဒီ အလုပ်သမားတွေဟာ ၎င်းတို့ရဲ့ စာချုပ်ပါ သဘောတူညီချက်တွေအရ မိမိသဘောအတိုင်း လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်ရှိပေမယ့် ကုမ္ပဏီတွေဘက်ကနေ  စည်းကမ်းတွေ တင်းကြပ်ကာ၊ အရေးယူတာတွေလည်း လုပ်ဆောင်ခြင်း ခံနေရပါတယ်။

Food Panda ရဲ့ မန္တလေးမြို့က rider အမျိုးသမီးတစ်ဦးက"ရုံးအနေနဲ့က‌တော့ တာဝန်ယူမှု တာဝန်ခံမှုကတော့ လောလောဆယ်မှာတော့ ဘာမှ ရှိမထားဘူးပေါ့နော်၊ ကျွန်တော်တို့ ဒီ delivery လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ စာချုပ်ထဲမှာပါတဲ့ ခေါင်းစဉ်ကတော့ ကျွန်တော်တို့ရဲ့ လုပ်အားခကို သူတို့က ငှားရမ်းဝယ်ထားတယ်ပေါ့၊ အဲ့လိုမျိုးပေါ့၊ ကျွန်တော်တို့က လုပ်အားကို ရောင်းစားတယ်ဆိုတဲ့ စာချုပ်မျိုး ခေါင်းစဉ်တပ်ထားတယ်ပေါ့နော်၊ အရင်တုန်းကတော့ ကန်ထရိုက်တာအနေနဲ့ချုပ်တာ၊ အခုနောက်ပိုင်းမှာကျတော့ ကျွန်တော်တို့က စာချုပ်မှာ ခေါင်းစဉ်တွေပြောင်းထားတယ်၊ ကျွန်တော်တို့ရဲ့ လုပ်အားခကို ငှားရမ်းတာ၊ လုပ်အားငှားတာပေါ့နော်၊ အဲ့လိုပုံစံမျိုးဖြစ်တဲ့အချိန်မှာ ကျွန်တော််တို့ ဘာတွေဆုံးရှုံးလဲဆိုတော့ ကျွန်တော်တို့မှာ အသက်အန္တရာယ်နဲ့ ရင်းပြီးတော့ အလုပ်လုပ်ရတယ်၊ အလုပ်လုပ်ရတဲ့အပေါ်မှာ ကျွန်တော်တို့ လမ်းမှာပေါ့နော်၊ တစုံတရာ ဆိုင်ကယ်အလုခံရတာပဲဖြစ်ဖြစ်၊ ဖုန်း အလုခံရတာပဲဖြစ်ဖြစ် ရုံးမှာ တာဝန်ယူ ဖြေရှင်းပေးတဲ့အပိုင်းတွေ ဘာမှ မရှိဘူး၊ အဲ့လိုမျိုးလေးတွေတော့ ကြုံလာရတယ်ပေါ့၊ အခုနောက်ပိုင်းမှာတော့၊ အဲ့ဒါအပြင် ကျွန်တော်တို့ rider ကြေးတွေကလည်း နည်းပါးတော့ ၊ဆီဈေးတွေ တက်နေတယ်ပေါ့နော်၊ အခုဆို ကုန်ဈေးနှုန်းတွေ ရော၊ ဓာတ်ဆီဈေးတွေရော တက်တဲ့အချိန်မှာတော့ ရုံးဘက်ကနေ rider တွေဘက်ကို ပြန်ကြည့်ပေးတာ တစ်ခုမှတော့ မရှိဘူးပေါ့"လို့ ၎င်းတို့ရဲ့ အခက်အခဲတွေကို ရှင်းပြပါတယ်။

အလုပ်စတင်လုပ်ကိုင်စဉ်က ကုမ္ပဏီတွေ ဘက်ကနေ စာချုပ်တွေ ချပြပြီး သဘောတူ လက်မှတ်ရေးထိုးပေးခဲ့ရပေမယ့် များပြားလှတဲ့ စာရွက်တွေကြားမှာ မိမိနားလည်သလောက်သာ ဖတ်ရှုပြီး အလုပ်ရရှိရေးကို အဓိကထားကာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသူတွေက ပိုမိုများပြားတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

Grab Food ကုမ္ပဏီကတော့ လက်မှတ်ထိုးပြီးတဲ့နောက် စာချုပ်တွေကိုပါ ပြန်လည်သိမ်းဆည်းသွားတယ်လို့ ရန်ကုန်မြို့ရှိ rider တစ်ဦးက ပြောပါတယ်။

Food Panda ရဲ့ rider အမျိုးသမီးတစ်ဦးက"ကနဦး အလုပ်သွားလျှောက်တုန်းကတော့ သူက ဒီ စာချုပ်တွေမှာတော့ ဒီလို ဒီလိုမျိုး ပါတယ်ပေါ့နော်၊ စာချုပ်ကလည်း စာမျက်နှာ ၁၁ မျက်နှာလောက်ရှိတော့ ကျွန်တော်တို့ကလည်း သေသေချာချာတော့ မဖတ်ခဲ့ဘူးပေါ့နော်၊ ကိုယ်နားလည်သလောက်ပဲ ဖတ်ခဲ့ပြီးတော့ လက်မှတ်ထိုးပြီးတော့၊ အဲ့တော့ အဲ့အချိန်ကတော့ အလုပ်ရချင်တဲ့စိတ်နဲ့ပေါ့နော် လက်မှတ်ထိုးပြီးတော့ အလုပ်ဝင်ခဲ့တယ်ပေါ့"လို့ ပြောပါတယ်။

အလုပ်ဝင်ချိန်မှာ riders တွေဘက်ကနေ ကုမ္ပဏီတွေကို equipment အတွက် deposit ကြေးတွေ ပေးသွင်းပြီး လုပ်ကိုင်ခဲ့ကြရပါတယ်။ အစောပိုင်း အချိန်တွေက လုပ်ငန်းခွင်မှာ အဆင်ပြေခဲ့ကြပေမယ့် အထွေထွေ အကြပ်အတည်းတွေ စတင်ဖြစ်ပေါ်လာချိန်မှာတော့ ကုမ္ပဏီတွေဘက်ကနေ အော်ဒါကြေးတွေကို လျှော့ချပစ်လိုက်ပြီး riders တွေဘက်က သဘောတူညီမှု မရှိတော့ချိန်မှာ သပိတ်မှောက်မှုတွေ၊ဆန္ဒပြမှုတွေ ဖြစ်ပွားလာပါတော့တယ်။

အဲ့ဒီအချက်တွေအပါအဝင် အဆင်မပြေမှုတွေကို riders တွေဘက်က တောင်းဆိုမှုတွေ၊ ညှိနှိုင်းမှုတွေ ပြုလုပ်နေကြပြီး သဘောတူညီမှု မရရှိသေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ယခင်ကတော့ သယ်ယူပို့ဆောင်ရာမှာ ကုမ္ပဏီတွေဘက်က သယ်ယူပို့ဆောင်ချိန် တစ်ခုကို special hour သတ်မှတ်ပေးထားပြီး မိမိတို့ အဆင်ပြေတဲ့ အချိန်ပိုင်းမှာ အလုပ်ခွင်ဝင်ခဲ့ကြရတာမို့ အဆင်ပြေမှုရှိခဲ့တယ် လို့သိရပါတယ်။

လတ်တလောမှာတော့ အလုပ်ချိန်ကို ညမိုးချုပ်ကာလ အချိန်အထိ ထည့်သွင်းရေးဆွဲလာတာ၊ rider ဘက်က လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သတ်မှတ်ထားချိန်ထက် နာရီဝက်ခန့် အချိန်ပိုဆင်းပေးဖို့ ညွှန်ကြားလာတာ တွေ ရှိလာတယ်လို့ သိရပါတယ်။

လုပ်သက် ၂နှစ်ကျော်ရှိ မန္တလေးမြို့က Food Panda ရဲ့ rider အမျိုးသမီးတစ်ဦးက"Safe ဖြစ်အောင် ဖန်တီးပေးတာ ဘာတစ်ခုမှတော့မရှိပါဘူး၊ မိန်းကလေးတစ်ယောက်အနေနဲ့ ဒီ delivery လုပ်တော့လည်း ကျွန်တော်တို့ အလုပ်ချိန်ပေါ့နော်၊ အလုပ်ချိန်တွေဆိုလို့ရှိရင် သူတို့ အရင်တုန်းက၊ ဟိုအရင် ကျွန်တော်တို့ စဝင်ကာစတုန်းကဆိုလို့ရှ်ိရင် အလုပ်ချိန်က နှစ်နာရီစာလေးတွေ သုံးနာရီစာလေးတွေ ပေါ့နော်၊ တဖြတ်ကလေးတွေ၊ ကိုယ်ကြိုက်တဲ့အချိန်လေးတွေကိုရွေးပြီးတော့ ဆင်းလို့ရတယ်၊ကျွန်တော်တို့က မိန်းကလေးဆိုတော့ တခါတရံ ညမိုးချုပ်တဲ့အထိပေါ့နော်၊ မဆင်းပဲနဲ့ အချိန်လေးတွေယူလို့ရတယ်၊ ဒါပေမယ့် ဒီကာလမှာ နောက်ပိုင်းကျတော့ သူတို့ ဘာဖြစ်လဲဆိုတော့ shift ပေါ့နော်၊ကျွန်တော်တို့ အခေါ်အရဆိုလို့ရှိရင်တော့ shift ပေါ့၊ ကျွန်တော်တို့ အလုပ်ဆင်းတဲ့အချိန်တွေကို  သူတို့က မိုးချုပ်တဲ့အထိ ဆွဲလာတာပေါ့နော်၊ အရင်တုန်းကဆိုလို့ရှိရင် ကျွန်တော်တို့ တစ်နာရီ အောက်ကနေ စဆင်းမယ်ဆိုလို့ရှိရင် တစ်နာရီကနေ သုံးနာရီ အထိ အချိန် သုံးနာရီစာ လေးတွေရှိတယ်၊ သုံးနာရီကနေ ငါးနာရီထိ နှစ်နာရီစာ လေးတွေလည်းရှိတယ်၊ အခုကျတော့ သူတို့က shift ချပေးတဲ့အပေါ်မှာ ဘယ်လို မူတည်ပြီးချလဲဆိုတော့ တစ်နာရီကနေ အလုပ်စဆင်းလို့ရှိရင် ညခုနစ်နာရီ ထိ ဒါမျိုးတွေ၊ခြောက်နာရီအထိ ငါးနာရီအထိ ဆင်းရမယ့်အချိန်တွေ မရှိတော့အောင် သူတို့က shift ကို လုပ်ထားတာပေါ့နော်၊ အဲ့လိုမျိုးဆိုတော့ ကျွန်တော်တို့အနေနဲ့က ဒီအလုပ်ဆင်းမယ်ဆိုလို့ရှိရင် ရွေးချယ်စရာ သိပ်မရှိတော့ဘူး၊ ငါးနာရီလောက်အထိ အချိန်မရှိပဲ၊ ခုနစ်နာရီလောက်ထိ ယူကိုယူရမယ်ဆိုတဲ့ အနေအထားတွေရောက်လာတာပေါ့နော်" လို့ Myanmar Labour News ကိုပြောပါတယ်။

ကုမ္ပဏီကချထားပေးတဲ့ အော်ဒါကို ငြင်းပယ်တာ များလာပါက အော်ဒါလက်ခံတဲ့ accept rates  ကျသွားတယ်လို့ သိရပါတယ်။ အော်ဒါလက်ခံတဲ့ အရေအတွက် နှုန်းထားသတ်မှတ်ချက်ပြည့်မှီပါမှ rider ရဲ့ အဆင့်သတ်မှတ်ချက်တက်လာတယ်လို့ သိရပါတယ်။

Food Panda မှာ riders တွေကို လုပ်နိုင်အားပေါ်မူတည်ပြီး bath 1 ကနေ bath 4 အထိ ခွဲထားတယ်လို့ သိရပါတယ်၊၊ bath 1 အနေအထားကနေ အော်ဒါကို ငြင်းပယ်တာ များလာပါက bath 4 အထိ လျှော့ချတာတွေရှိတယ်လို့ သိရပါတယ်။

စာချုပ်ပါ စည်းကမ်းအရ riders တွေဘက်က ငြင်းပယ်ခွင့်ရှိတယ်ဆိုပေမယ့် လုပ်ငန်းခွင်ထဲ ရောက်သွားတဲ့အချိန်မှာတော့ အဆင်မပြေပါက ငြင်းပယ်ဖို့ ခက်ခဲတယ်လို့ သိရပါတယ်။အလုပ်နားချိန် break ချိန် တောင်းဆိုရင်တောင် သင်က ယခုအချိန်မှာ နားလို့မရနိုင်သေးဘူး ဆိုတဲ့ အကြောင်းပြန်စာ ပြန်ရတယ်လို့ riders တွေက ဆိုပါတယ်။

Food Panda ရဲ့ Rider တစ်ဦးက" အော်ဒါတွေ ကျလာလို့ရှိရင် ကျွန်တော်တို့ break ယူမယ်ဆိုလို့ရှိရင် သင် ယခုအချိန်မှာ အနားယူလို့ မရနိုင်သေးပါ ဆိုပြီး အကြောင်းပြန်တာတွေရှိတယ်၊ တခါတရံမှာ ကျွန်တော်တို့  extension ပေါ့နော်၊ အချိန်ပိုလေးပေါ့၊ အဲ့အချိန်ပိုလေးကို ကျွန်တော်တို့ မဖွင့်ဘဲနဲ့ ရုံးဘက်ကနေ auto system ဆိုပြီး သူတို့က ချက်ခြင်းရွှေ့ပြီးတော့ အချိန်ပိုဆင်းခိုင်းတဲ့ဟာတွေ ရှိတယ်၊ကျွန်တော်တို့ သဘောမတူဘူး၊ ပြန်ပိတ်လို့လည်းမရဘူး၊ သူတို့ ထိမ်းချုပ်ထားတဲ့ system ဆိုတော့ သူတို့ system နဲ့ပဲ သွားရတယ်" လို့ ပြောပါတယ်။

Food Panda ဟာ ကုမ္ပဏီဘက်ကနေ ရေးဆွဲချုပ်ဆိုထားတဲ့ စာချုပ်ကို ကုမ္ပဏီဘက်ကပဲ ချိုးဖောက်မှုတွေလုပ်နေတယ်လို့ riders တွေက ဆို ပါတယ်။

ရန်ကုန်မြို့ရှိ rider တစ်ဦးက"စာချုပ်ထဲမှာပါတယ်ပေါ့နော်၊ အချက်အလက်လေးတွေ ပြောင်းလဲချင်လို့ပဲဖြစ်ဖြစ်၊ rider ကြေး၊ ကီလိုကြေးနဲ့ပတ်သက်လို့ သူတို့ပြောင်းလဲမယ်ဆိုလို့ရှိရင် ကနဦး ကြို ပြောရမယ်ပေါ့နော်၊ ဒီ rider ကို ကြိုပြောပေးရမယ်၊ အကြောင်းကြားစာထုတ်ပေးရမယ်၊ တရားဝင်ပေါ့နော်၊တယ်လီဂရမ်မှာ အကြောင်းကြားစာထွက်ပေးရမယ်ဆိုတဲ့ ဟာမျိုးလေးတွေ ချိုးဖောက်တာတွေရှိတယ်၊ရန်ကုန် မန္တလေးဆိုလို့ရှိရင် မန္တလေးမှာ တယ်လီဂရမ်မှာ ဖွင့်ထားတဲ့ Food Panda riders Myanmar, Mandalay ပေါ့နော်၊ အဲ့လို ဂရုတွေ၊ ဘာတွေဆိုလို့ရှိရင် ကျွန်တော်တို့ ၊ အရင်တုန်းကဆို ကျွန်တော်တို့ကို ချပေးတဲ့ delivery ကြေး၊ ကီလိုကြေးတွေကို သူတို့ ဇယားကွက်နဲ့ တရားဝင်ချပေးတယ်၊ ဘယ်လိုနှုန်းထားပေးတယ်ဆိုတဲ့ ဇယားကွက်ကိုပေါ့နော်၊ ဒီ တစ်ခေါက် ကျွန်တော်တို့ ဆန္ဒပြမှုဖြစ်ပြီး ရုံးကို ဒီလို ပြောတဲ့အချိန်မှာ သူတို့ နောက်ပိုင်းကျတော့ တယ်လီဂရမ် link ကြီးလိုက် ဖျက်ပစ်လိုက်တာတွေရှိတယ်ပေါ့နော်၊ ကျွန်တော်တို့မှာ သက်သေမရှိတော့ဘူးပေါ့၊ သူတို့ထုတ်ပြန်ထားတဲ့ စာတွေဘာတွေပေါ့နော်၊ ဒါမျိုးလေးတွေက အစ ရှိလာတယ်ပေါ့၊ ခုနောက်ပိုင်းမှာတော့" လို့ ပြောပါတယ်။

ကုမ္ပဏီဘက်က သတ်မှတ်ထားတဲ့ special hour တွေကို နားချိန်မယူပဲ အလုပ်ချိန်ပြည့် လုပ်ကိုင်ပေးတာကိုတောင် bath 1 အဆင့်အထိ ရောက်ဖို့ခက်ခဲတယ်လို့ သိရပါတယ်။ Bath အဆင့် သတ်မှတ်ချက် အလိုက်ကို အကျိုးခံစားခွင့်တွေ တိုးပေးထားတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ riders တွေဟာ ဝင်ငွေလည်း အင်မတန်လျော့ကျလာတာကြောင့် ပိုမိုကြပ်တည်းလာပြီး တစ်ရက်စာ ဆိုင်ကယ်ဆီဖိုး မရှိပါက အလုပ်မလုပ်နိုင်တဲ့ အခြေအနေတွေ ရှိလာတယ် မန္တလေးမြို့ခံ riders တွေက ပြောပါတယ်။

Rider တစ်ဦးက "အကုန်လုံးကတော့ ချိုးဖောက်ခံ နေရတယ်ဆို‌တာတော့ သိတယ်ပေါ့နော်၊အလုပ်သမားအကုန်လုံးကတော့ ဒီလို ကျွန်တော်တို့ရဲ့ လုပ်ခလစာစစ်စစ်မှန်မှန်မရဘူး၊‌ဒီလို ခေါင်းပုံဖြတ်နေတယ်ဆိုတာတော့ သိတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ ဘာအင်အားမှ လုပ်နိုင်တဲ့ အင်အားမရှိတော့ ခေါင်းငုံ့ခံနေရတယ်ပေါ့နော်၊ အဲ့လိုမျိုးပုံစံဖြစ်နေတော့ကျတော့ ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ ဆန္ဒပြတဲ့ဟာအပြင်ပေါ့ သိအောင်လို့ ကျွန်တော်တို့ရဲ့ လိုအပ်ချက်လေး လိုက်လျောအောင်လို့ပေါ့နော် ကျွန်တော်တို့ ဒီ riders လေးတွေ စုပေါင်းပြီးတော့ပေါ့နော်၊ ရုံးကိုရှေ့ဆက်ပြီးတော့ ဆန္ဒပြသွားဖို့ အစီအစဉ်တွေရှိပါတယ်"လို့ ဆိုပါတယ်။

လတ်တလောမှာလည်း အဆင်မပြေမှုတွေရှိတဲ့ အတွက် riders တွေဘက်က ကုမ္ပဏီတွေကို သပိတ်မှောက် ဆန္ဒပြနေကြတာတွေ ရှိနေဆဲ ဖြစ်ပါတယ်။

Food Panda ကုမ္ပဏီ မှာ  နှစ်ဖက်ညှိနှိုင်းတောင်းဆိုမှုတွေကို  ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ရှေ့မှာ ပြုလုပ်ပြီးတဲ့နောက် riders တွေဘက်က အခြေခံအော်ဒါကြေး တိုးမြှင့်ပေးရေး အပါအဝင် အချက်ခုနစ်ချက်ကို တောင်းဆိုထားပြီး ကုမ္ပဏီဘက်ကတော့ ငါးချက်ကို သဘောတူညီထားပေမယ့် လက်ရှိအချိန်အထိ ဆောင်ရွက်ပေးတာ မမြင်သေးဘူးလို့ panda ရဲ့ riders တွေက ပြောပါတယ်။

မန္တလေးတစ်မြို့ထဲမှာတင် Food Panda ရဲ့ riders အရေအတွက် ငါးရာကျော်ခန့်ရှိပေမယ့် လတ်တလောမှာတော့ အဆင်မပြေမှုတွေကြောင့် ဆက်လက်မလုပ်ကိုင်ကြတော့သူတွေရှိလာပြီး အခက်အခဲတွေကြားကနေ သယ်ယူပို့ဆောင်ပေးနေသူ တစ်ရာကျော်သာ ရှိတော့တယ်လို့ သိရပါတယ်။ကုမ္ပဏီတွေကတော့ riders ဟောင်းတွေနဲ့ အဆင်မပြေပါက riders အသစ်တွေကို ခေါ်ယူခိုင်းစေခြင်းနဲ့ပဲ ဒီပြဿနာကို အထက်စီးကနေ ဖြေရှင်းနေပါတယ်။

Grab Food မှာတော့ လတ်တလောမှာ riders တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဆရာဝန် ခေါ်ယူပေးထားတယ်လို့ သိရပါတယ်၊၊ Riders တွေကို လုပ်အားအလိုက်  platinum, Gold အဆင့်တွေခွဲထားပြီး သတ်မှတ်ချက်ပြည့်မှီပါက အစားအသောက်ကျွေးပြီး လစဉ် ဆုချီးမြှင့်ပေမယ့် ဒါဟာ မပြောပလောက်တဲ့ပမာဏသာ ဖြစ်ပြီး နှစ်သက်စရာမရှိဘူးလို့ rider တစ်ဦးက ပြောပါတယ်။

Grab Food ကတော့ riders တွေအတွက် ကိုဗစ်ကာလတုန်းက ကူညီထောက်ပံ့မှုတွေလုပ်ခဲ့ပြီး ရတဲ့သူရသလို  မရတဲ့သူတွေလည်း မရကြဘူးလို့ သိရပါတယ်။

Grab Food က‌လည်း အခြေခံအော်ဒါကြေးတွေ လျှော့ချထားတာဖြစ်တဲ့အတွက် အရင်ကဲ့သို့ အခြေခံအော်ဒါကြေး တစ်ထောင်လိုချင်တယ်လို့ riders တွေက ပြောပါတယ်။ဒါ့အပြင် ကီလိုမီတာကြေးကို ချိန်ညှိပေးစေချင်ပြီး  riders တွေအပေါ် ကိုယ်ချင်းစာစေချင်တယ်လို့ ဆိုပါတယ်။

ယင်းအပြင် သွားရောက်ပို့ဆောင်ရတဲ့ ကီလိုမီတာ အကွာအဝေးကို  Grab app ရဲ့ မြေပုံအတိုင်း မသတ်မှတ်ပဲ မြေပြင်မှာ အမှန်တကယ် ကွေ့ကောက်သွားလာရတဲ့ Google Map အတိုင်းသာ သတ်မှတ်ပေးစေချင်တယ်လို့ ဆိုကြပါတယ်၊၊လတ်တလောမှာ ရန်ကုန်မြို့မှာ ယာဉ်ကြောကြပ်တည်းပြီး လမ်းပိတ်ဆို့တာကြောင့် ကြန့်ကြာမှုရှိတာ၊ လုံခြုံရေး ဂိတ်တဲတွေနဲ့ လမ်းပိတ်ဆို့ထားတဲ့အတွက် ကွင်းမောင်းရတာတွေကိုလည်း ထည့်တွက်စေချင်တယ်လို့ သိရပါတယ်။ customer က မြေပုံကို မှားညွှန်းတဲ့အတွက် ပြဿနာတက်တာ၊ အထပ်မြင့်တွေတက်ရတဲ့ ပြဿနာတွေရှိတယ်လို့လည်း သိရပါတယ်။

"ကျွန်တော်တို့က အရင်ကြေးလိုချင်တယ်၊ တစ်ထောင် ထောင့်နှစ်ရာ ဖြစ်ဖြစ်၊ ပြီးတော့ way သတ်မှတ်ပေးပါ၊ နောက်တစ်ခုက ကီလိုကြေးတွေကို ပုံမှန်လေး ပေးပေးပါ၊ပြီးတော့ နားမလည်တဲ့ ကလေးတွေကို သေချာ သွန်သင်ပေးပါ" လို့ Grab Food ရဲ့ ရန်ကုန်မြို့ရှိ rider တစ်ဦးကလည်း ပြောပါတယ်။

ဒါ့အပြင် အဆိုပါ ကုမ္ပဏီကြီးတွေထံ အလုပ်လျှောက်ထားစဉ်ကတည်းက Labour Card ကို မလိုအပ်ကြောင်း ကုမ္ပဏီတွေဘက်က ပြောတယ်လို့ သိရပါတယ်။Labour Card နဲ့ လျှောက်ထားရခြင်းမရှိတဲ့အတွက် အလုပ်သမားအခွင့်အရေးတွေ အများအပြား ဆုံးရှူံးနေတယ်လို့ ရန်ကုန်မြို့ရှိ rider တစ်ဦးကပြောပါတယ်။

ရန်ကုန်မြို့ရှိ Food Panda ရဲ့ rider တစ်ဦးက"ကျွန်တော်တို့ အဓိက လိုချင်တာလည်း အဲ့ဒါပဲဗျ၊အထည်ချုပ်အလုပ်သွားလုပ်ရင်တောင်မှ  Labour ပါမှတို့ ဘာတို့ ၊ အသက်ပြည့်ပြီး Labour ပါမှ၊အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုချက် ၊ဒီ Labour card ပါပြီးမှ အလုပ်လျှောက်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးပေါ့နော်၊ ကျွန်တော်တို့က အခုဟာက အဲ့ Labour card မရှိတဲ့အတွက်၊ ကျွန်တော်တို့ရဲ့ အလုပ်သမား အခွင့်အရေးတွေ အများကြီးဆုံးရှုံးတယ်လို့ ကျွန်‌တော် ခံစားရတယ်ဗျ"လို့ ဆိုပါတယ်။

Rider တွေအပေါ် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး စားသုံး‌သူတွေကလည်း ဝန်းရံတောင်းဆိုပေးခဲ့ကြပါတယ်။လက်ရှိအချိန်အထိ သပိတ်မှောက်ထားဆဲ အခြေအနေဖြစ်တာကြောင့် စားသုံးသူတွေအနေနဲ့ ဆက်လက်ပူးပေါင်းပေးကြဖို့ကိုလည်း riders တွေက မေတ္တာရပ်ခံထားပါတယ်။

၂၀၁၉ ကတည်းက သမဂ္ဂဖွဲ့စည်းဖို့ စတင်လုပ်ဆောင်ခဲ့ကြပြီး လုပ်ဆောင်နေစဉ် အာဏာသိမ်းခံလိုက်ရတာကြောင့် မဖွဲ့စည်းနိုင်ဖြစ်ခဲ့ရသလို၊ လတ်တလော အကြပ်အတည်းတွေအရ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်လည်း မရှိသေးတဲ့အတွက် ပွင့်လင်းမြင်သာစွာစုပေါင်းတောင်းဆိုလို့လည်း မရသေးဘူး လို့ Food Panda ရဲ့ riders တွေက ဆိုပါတယ်။

ဥပဒေအရ မည်သို့ပင် ခိုင်းစေသည်ဖြစ်စေ အလုပ်သမားအဖြစ် အကျုံးဝင်ပြီး အလုပ်သမား‌များ ခံစားရမည့် ရရှိရမည့် အခွင့်အရေးများ၊ အလုပ်ပိတ်ရက်များကို ခံစားခွင့်ရှိတယ်လို့ အလုပ်သမားအင်အားစု ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

"သူတို့ကျတော့ ဘယ်ထဲကို သွားအကျုံးဝင်လည်းဆိုတော့ ဆိုင်များနဲ့ အလုပ်ဌာနများ ဥပဒေ‌ထဲကို သွား အကျုံးဝင်တာပေါ့၊ဆိုင်များနဲ့ အလုပ်ဌာနများဥပဒေဆိုတော့ အလုပ်ရုံများ အက်ဥပဒေရှိတယ်၊ နောက် ဆိုင်များနဲ့ အလုပ်ဌာများ ဥပဒေရှိတယ်၊ နှစ်ခုပေါ့နော်၊ ဒီ အလုပ်ရုံများ ဥပဒေဆိုလို့ရှိရင်လည်း စက်ရုံအလုပ်ရုံကြီးတွေပေါ့နော်၊ အကျုံးဝင်တယ်၊ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေ၊ နောက် ပန်းခြံလိုလုပ်ငန်းမျိုးတွေ၊ စားသောက်ဆိုင်လို လုပ်ငန်းမျိုးတွေပေါ့နော်၊ ရုပ်ရှင်ရုံလိုလုပ်ငန်းမျိုးတွေ၊ အဲ့လိုနေရာမျိုးတွေ၊ စူပါမားကတ်တွေ စသဖြင့် ပေါ့နော်၊ အဲ့လိုမှာ လုပ်နေတဲ့ အလုပ်သမားတွေကျတော့ သူက ဆိုင်များနဲ့ အလုပ်ဌာနများ ဥပဒေအောက်ကိုရောက်သွားတယ်၊ နောက် သူက ဘယ်လိုပဲပြောပြော၊ဒီလုပ်အားကိုငှားရမ်းပြီးတော့ပဲ သုံးသုံး၊ ဘယ်လိုပဲ သုံးသုံး ၊ အခကြေးငွေ ပေးဖို့ တာဝန်ရှိတဲ့သူသည် အလုပ်ရှင်ပဲ၊ ဥပဒေအရပေါ့နော်၊ စောစောကပြောသလို သူတို့က အချိန်ပိုင်းအလုပ်သမားမို့လို့ ဒီ အခွင့်အရေးတွေ‌မပေးပါဘူးလို့ သူတို့ကထုတ်တယ်ပေါ့နော်၊ ဆိုတော့ မူလဥပဒေထက်ကိုကျော်လွန်ပြီး ချုပ်တဲ့စာချုပ်မှန်သမျှ အကုန်ပျက်ပြယ်တယ်၊ အဲ့ဒါက ဥပဒေ နားလည်တဲ့လူတိုင်းအကုန်သိတယ်၊ သူတို့ဘက်က ဘယ်လိုပဲ ချုပ်ထားချုပ်ထား၊ ဥပဒေက ပေးရမယ်လို့ ပြောထားတဲ့အခွင့်အရေးတွေကို အလုပ်သမားက‌သဘောတူတယ်၊ အလုပ်သမားကသဘောတူလို့ ငါတို့က အဲဒီဥပဒေပါ ရပိုင်ခွင့်အောက်ကို လျော့ပြီးတော့ ငါတို့က ဒီစာချုပ်ကို ချုပ်တယ်လို့ ပြောရင် အဲ့ဒီဟာ ပဋိညာဉ်မမြောက်ဖူး၊ အဲ့ဒီစာချုပ်ကပျက်ပြယ်တယ်" လို့အလုပ်သမားအင်အားစုရဲ့ တာဝန်ရှိသူက ဥပဒေအရ ရှင်းပြပါတယ်။

စာချုပ်ထဲမှာပါတဲ့ တာဝန်နဲ့ ဝတ္တရားတွေကိုလည်း အလုပ်သမားတွေက လိုက်နာရမှာ ဖြစ်သလို အဲ့ဒီစာချုပ်ထဲမှာပါတဲ့ အခွင့်အရေးတွေကိုလည်း ခံစားခွင့်ရှိတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ဆိုပါတယ်။

အလုပ်သမားတစ်ယောက်ကို ခန့်ထားပြီးပါက လူမှုဖူလုံရေးကြေးကို နေ့စားမို့လို့ ဆိုပြီး ရှောင်လို့ မရဘဲထည့်ဝင်ကြေး ပေးသွင်းရမယ်လို့ သိရပါတယ်၊၊ယင်းသို့ထည့်ဝင်ရာမှာ အလုပ်သမားဆီက နှစ်ရာခိုင်နှုန်းနဲ့ အလုပ်ရှင်ဘက်က သုံးရာခိုင်နှုန်းထည့်ရမှာ ဖြစ်ပြီး ၎င်းရဲ့အပေါ်မှာ အလုပ်သမားဟာ အကျိုးခံစားခွင့်ရှိတယ်လို့ ဆိုပါတယ်။

Food Panda ရဲ့ rider တစ်ဦးက"နားမလည်တဲ့ အလုပ်သမား delivery တွေအပေါ်မှာ ခေါင်းပုံဖြတ်နေတဲ့ ကိစ္စကိုပေါ့နော်၊ နားလည်တဲ့သူတွေအနေနဲ့ ဝန်းရံပေးဖို့ပေါ့နော်၊ တောင်းဆိုချင်တာပါ" လို့ ဆိုပါတယ်။

မြန်မာပြည်အတွင်း  Food Panda ကုမ္ပဏီနဲ့ Grab Food ကုမ္ပဏီကြီးတွေဟာ ၂၀၁၉ ခုနှစ် ဝန်းကျင်ကတည်းက အခြေချပြီး သယ်ယူပို့ဆောင်ရေးနဲ့ အစားအသောက်သယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးတွေ လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။၎င်းလုပ်ငန်းတွေမှာ ရန်ကုန်၊ မန္တလေး၊ မုံရွာ စတဲ့မြို့ကြီးတွေအပြင် မြို့ငယ်တွေမှာပါ သယ်ယူပို့ဆောင်သူပေါင်း ထောင်ချီ ခန့်အပ်ထားတယ်လို့ ဆက်လက်သိရပါတယ်။

 


Related posts

Cover
အလုပ်ထွက်တဲ့ဝန်ထမ်းတွေ လစာအပြည့်မရဘဲ ဖြတ်တောက်ခံနေရ
Apr 25, 2024
Cover
အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ
Apr 23, 2024
Cover
လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို
Apr 22, 2024
Cover
လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ
Apr 22, 2024
Cover
စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန် လူငယ်များကို ဒုတိယအကြိမ်ထပ်မံမဲနှိုက်ခေါ်ယူနေ
Apr 22, 2024
Cover
Dishang Kenny Garment မှ အလုပ်သမားတဦး၏ ပေးစာ
Apr 22, 2024
Cover
အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်
Apr 20, 2024