NEWS

အလုပ်သမားတွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားပါမယ်။

CoverLogo
927 Views

၁။မေဒေးနေ့မှာ မြန်မာ့အလုပ်သမားတွေအနေနဲ့မေဒေးခေါ်သံကို ဆက်လက်ကိုင်ဆွဲထားရဖို့ရှိပါသလား။ အဲ့ဒါနဲ့ပတ်သက်ပြီးဘာပြောချင်ပါသလဲ။

FGWM- မေဒေးနေ့မှာ ကမ္ဘာ့ အလုပ်သမားတွေ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတယ်။ အဓိကအားဖြင့် တရက်အလုပ်ချိန် ၈ နာရီဖြစ်ရေးနဲ့ လုံခြုံကောင်းမွန်တဲ့ လုပ်ငန်းခွင် ရရှိရေးတို့ဖြစ်ပါတယ်။ အဲ့အချိန်က စွန့်လွှတ်စွန့်စားမှုတွေနဲ့ မေဒေးတိုက်ပွဲဟာ အောင်မြင်တယ်လို့ဆိုရမှာဖြစ်ပေမယ့် အဲ့ဒီအခြေအနေတွေဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေပြည့်နှက်နေတဲ့ မြန်မာနိုင်ငံမှာဆိုရင်တော့ အမှန်တကယ် အကောင်အထည်မပေါ်သေးပါဘူး။ 

အလုပ်သမားတွေရဲ့အခက်အခဲတွေဟာလည်း နှစ်ကြာလာတာနဲ့အမျှ ပုံစံတွေပြောင်းလဲလာခဲ့ပြီး ဖိနှိပ်မှုပုံစံဟာလည်း အရင်းရှင်စနစ်အောက်မှာ ပုံစံတွေပြောင်းလာခဲ့ပါတယ်။ အစိုးရနဲ့ အလုပ်ရှင်တွေအပြင် နိုင်ငံတကာကုန်အမှတ်တံဆိပ်တွေရဲ့ အမြတ်အစွန်းအဓိကထားရေး လုပ်ငန်းကြီးတွေကြားမှာ ဖူလုံသောလုပ်ခလစာနဲ့ ကောင်းမွန်တဲ့ လုပ်ငန်းခွင်တွေအတွက်က ဆက်လက်ချီတက်နေရဦးမှာဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေကတော့မေဒေးနေ့တိုင်းသူတို့ရဲ့မျှော်လင့်ချက်တွေနဲ့အတူ အလုပ်သမားတွေရဲ့နေ့အဖြစ်ဆက်လက်ကိုင်ဆွဲ တိုက်ပွဲဝင်နေကြမှာဖြစ်ပါတယ်။


၂။မြန်မာအလုပ်သမားတွေအပါအဝင်ကမ္ဘာ့အလုပ်သမားတွေကဘာတွေတောင်းဆိုချင်တာလဲ၊ ပြီးတော့တကယ့်မေဒေးနေ့ရဲ့အနှစ်သာရကိုလဲပြောပြပေးပါ။

FGWM မေဒေးနေ့ရဲ့ တောင်းဆိုချက်တွေဟာ ခေတ်အဆက်ဆက်မှာရှိတဲ့ အလုပ်သမားတွေရဲ့ အနာဂတ်ကောင်းမွန်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ 

ယခုနှစ် မေဒေးအတွက် တောင်းဆိုချက်ကတော့ဖူလုံသောလုပ်ခလစာ ကောင်းမွန်သောလုပ်ငန်းခွင်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ ဆိုတဲ့တောင်းဆိုချက်ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အလုပ်သမားတွေ ထည့်ဝင်ရတဲ့ လုပ်အား နဲ့ညီမျှတဲ့ လုပ်ခလစာတွေရရှိဖို့ ၊ လုံခြုံကောင်းမွန်တဲ့ လုပ်ငန်းခွင်ဖြစ်ဖို့ကိုရည်ရွယ်တာဖြစ်ပါတယ်။ 

ကမ္ဘာ့အလုပ်သမားတွေကိုလဲ ထိုနည်းတူစွာ မြန်မာနဲ့တူညီတဲ့တောင်းဆိုချက်တွေကိုတောင်းဆိုစေချင်ပါတယ်။မေဒေးနေ့ဆိုတာနဲ့ အလုပ်သမားတွေရဲ့ ရင်ထဲမှာ ငါတို့နေ့ရောက်ပြီ ငါတို့ရဲ့တောင်းဆိုမှု အသံတွေကို ကမ္ဘာကြီးကသိအောင် ပြောနိုင်ပြီ ငါတို့နဲ့ ဘဝတူ၊ အဖိနှိပ်ခံအလုပ်သမားတွေရဲ့  အခက်အခဲတွေကို ပြောပြလို့ရပြီဆိုပြီး နှစ်စဉ်နှစ်တိုင်း တောင်းဆိုချက်တွေနဲ့ ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုအောက်မေ့ကြတာဖြစ်ပါတယ်။

၃။လက်ရှိမြန်မာ့အလုပ်သမားထုရဲ့အဓိကရင်ဆိုင်နေရတဲ့အခက်အခဲအခြေအနေတွေနဲ့ပတ်သက်ပြီးပြောပြပေးပါ။ 


FGWM -လက်ရှိ  မြန်မာ့ အလုပ်သမားတွေအနေနဲ့က မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေကို အခွင့်ကောင်းယူပြီး ဖိနှိပ်နေတဲ့ အလုပ်ရှင်တွေကြောင့် အလုပ်သမားအခွင့်အရေးဆုံးရှုံးတာတွေရှိနေသလို၊ ပုံစံမျိုးစုံနဲ့ဖိနှိပ်နေပါတယ်။ ခိုင်းတဲ့အတိုင်းမလုပ်ရင် အလုပ်ပြုတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ၊ အဓမ္မခိုင်းစေမှုတွေနဲ့ ပုံစံမျိုးစုံ ဖိအားတွေကြားမှာ အလုပ်သမားတွေဟာ သူတို့ရဲ့လုပ်အားတွေကိုပါခေါင်းပုံဖြတ်ခံနေရပါတယ် ။ 

အထွေထွေစီးပွားရေးအကျပ်အတည်းနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးကျပ်တည်းလာတာတွေဖြစ်လာပါတယ်။ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေအတွက်မှာလည်း လုပ်အားနဲ့ညီမျှတဲ့လစာတွေမရကြတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

CDM လှုပ်ရှားကြတဲ့အလုပ်သမားများအနေနဲ့ကတော့ စစ်အုပ်စုရဲ့ ပစ်မှတ်ထားဖိနှိပ်မှုကိုပါ ခံနေရပြီး အလုပ်အကိုင်ဆုံးရှုံးတာကနေစလို့၊ ခရီးသွားလာခွင့်ဆုံးရှုံးတာ၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့အထိပါ ကြုံတွေ့နေကြရပါတယ်။

၄။မြန်မာ့အလုပ်သမားထုအနေနဲ့မေဒေးနေ့မှာမေဒေးစိတ်ဓာတ်ကိုဘယ်လိုဆွဲကိုင်ပြီးတိုက်ပွဲဝင်သင့်တယ်ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာလေးလဲပြောပြပေးပါ။

FGWM မေဒေးနေ့ဆိုတာ အလုပ်သမားတွေ အတွက် အသက်တွေပေးပြီး အခွင့်အရေးတွေကို တောင်းဆိုခဲ့ရတဲ့နေ့တနေ့ဖြစ်ပါတယ်။ အလုပ်ရှင်နဲ့ အစိုးရမှာ ငွေရှိပါတယ်၊ သူတို့ဖက်က လိုက်ပေးမယ့် သတင်းမီဒီယာတွေရှိပါတယ်၊ ဖိနှိပ်တဲ့ ဥပဒေတွေတောင်ရှိကြပါတယ်။ 

ဒီလိုဖိနှိပ်မှုပေါင်းစုံကနေ ရုန်းကန်ထကြွရတာဟာ အသက်ကို စတေးပြီး ရဲဝင့်စွန့်စားရတာဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို မျှော်ရည်ပြီးတိုက်ပွဲဝင်ကြရတာဖြစ်တဲ့အတွက် အလုပ်သမားတိုက်ပွဲတွေဟာ လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို အကောင်းဆုံးထင်ဟပ်ကြပါတယ်။ ဖိနှိပ်မှုကို ရုန်းကြွတော်လှန်ခြင်းဟာ မေဒေးနေ့ရဲ့ သမိုင်းဖြစ်ပြီး မေဒေးစိတ်ဓာတ်လည်းဖြစ်ပါတယ်။ 

သွေးစည်းညီညွတ်မှုဖြင့်သာ ဖိနှိပ်မှုအပေါင်းကို တွန်းလှန်နိုင်မှာဖြစ်ပြီး မြန်မာအလုပ်သမားထု အနေနဲ့ တော်လှန်သောမေဒေးစိတ်ဓာတ်ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်၊ စစ်အရင်းရှင်စနစ်ကို မြန်မာ့မြေပေါ်ကနေမောင်းထုတ်ကြရမှာဖြစ်ပါတယ်။

၅ ။နောက်ထပ်မေးချင်တာကလက်ရှိဆရာ/ဆရာမတို့အဖွဲ့အစည်းရဲ့ လှုပ်ရှားမှု့နဲ့မေဒေးနေ့အတွက်အလုပ်သမားတွေကိုပြောချင်တဲ့အမှတ်တရစကားလေးရှိရင်ပြောပေးပါ။

FGWM မေဒေး နေ့မှာ အရင်လိုအခမ်းအနားတွေတော့မလုပ်ဖြစ်တော့တာ ဒီနှစ်ဆို ၃ နှစ်ရှိပြီးပေါ့။ ဒီနှစ်မှာတော့ ကျွန်မတို့အဖွဲ့ချုပ်အနေနဲ့   ၁၃၂ ကြိမ်မြောက်မေဒေးနေ့ကို ဂုဏ်ပြုတာလုပ်မယ်။


မေဒေး ဗီဒီယိုလေးထုတ်မယ် စတိတ်မန့်ထုတ်မယ် မေဒေးတောင်းဆိုချက်တွေရေးပြီးအလုပ်
သမားတွေပါဝင်တဲ့ ကမ်ပိန်းပြုလုပ်မယ် မေဒေးအမှတ်တရ စကားပြောရရင်တော့ခေတ်အဆက်
ဆက်မှာ အလုပ်သမားတွေက တော်လှန်ရေးမှာ ရှေ့ဆုံးကပါဝင်ပြီး အသက်တွေပေးပြီး 
တိုက်ပွဲဝင်သွားတဲ့ အလုပ်သမားရဲဘော်တွေကို သတိရဂုဏ်ပြုရင်း  ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့ကို အမြဲအမှတ်ရစေဖို့   အလုပ်သမားအပေါင်းတို့ကိုနှိုးဆော်သွားမှာဖြစ်ပါတယ်။

၆။ ဖြည့်စွက်ပြောစရာများရှိရင် ပြောပေးပါ။

FGWM -အလုပ်သမားတွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားပါမယ်လို့ ပြောချင်ပါတယ်။
 


Related posts

Cover
အလုပ်ထွက်တဲ့ဝန်ထမ်းတွေ လစာအပြည့်မရဘဲ ဖြတ်တောက်ခံနေရ
Apr 25, 2024
Cover
အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ
Apr 23, 2024
Cover
လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို
Apr 22, 2024
Cover
လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ
Apr 22, 2024
Cover
စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန် လူငယ်များကို ဒုတိယအကြိမ်ထပ်မံမဲနှိုက်ခေါ်ယူနေ
Apr 22, 2024
Cover
အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်
Apr 20, 2024
Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024
Cover
လုပ်သားအင်အားရှားပါးမှုကြောင့် ကလေးလုပ်သား အသုံးပြုမှုပိုများလာ
Apr 15, 2024