ARTICLE

စေတနာတွေပေးခဲ့ပေမယ့် ​ဝေဒနာတွေသာရခဲ့သူ

CoverLogo
2.9K Views

ဒီအာဏာသိမ်းမှု့မတိုင်ခင်နဲ့ဖမ်းဆီးမခံရခင်အထိတော့ကိုချမ်းငြိမ်းသူဟာရန်ကုန်မြို့ဆင်ခြေဖုံးမြို့နယ်လေးတခုမှာနေထိုင်ပြီးမိခင်နဲ့ညီမငယ်လေးကို အစားအသောက်အော်ဒါလေးတွေ စက်ဘီးနင်းပြီးပို့ဆောင်ရင်း ရှာဖွေကျွေးမွေးနေခဲ့တဲ့သူပါ။

အာဏာသိမ်းပြီးနောက်ပိုင်းသူရတဲ့အော်ဒါလေးတွေထဲကစားဝတ်နေရေးမ ​ပြေလည်တော့တဲ့ CDM ဝန်ထမ်းတွေကိုမျှပေးခဲ့တဲ့သူတယောက်ပါ။

"ကျတော်ရတဲ့အော်ဒါလေးတွေထဲကအဆင်မပြေလို့ဝင်လုပ်နေတဲ့CDMဝန်ထမ်းတွေကိုခွဲပေးတယ်။သူတို့အဆင်ပြေအောင်လို့"လို့ သူကပြောပါတယ်။

ဒီလိုကူညီပေးရတာကိုပဲကိုချမ်းငြိမ်းသူတယောက်အာဏာသိမ်းစစ်အုပ်စုကိုတော်လှန်တဲ့နေရာမှာတထောင့်တနေရာမှာပါဝင်ခဲ့ရတယ်လို့မှတ်ပြီးပျော်နေခဲ့တာပါ။

မိခင်ကြီးနဲ့ညီမငယ်လေးရဲ့စားဝတ်နေရေးတာဝန်ကိုထမ်းပိုးထားတဲ့ကို ချမ်းငြိမ်းသူဟာသူများတွေလိုအပြည့်အဝစစ်အာဏာသိမ်းဆန့်ကျင်မှု့မှာမပါဝင်နိုင်သေးပေမယ့်သူရရာနည်းလမ်းလေးနဲ့ကူညီပေးနေသူပါ။

ဒီလိုစေတနာကောင်းတဲ့သူ့အတွက်ကံမကောင်းမှု့တခုကဆိုက်ဆိုက်မြိုက်ရောက်လာပါတော့တယ်။

"အဲ့ဒီ့နေကရုံးအော်ဒါစောင့်နေရင်းဖုန်းတလုံးဝင်လာတယ်ဗိုက်တအားဆာလို့တဲ့ပီဇာလှမ်းမှာတာ၊ ဘယ်အရသာစားလို့အဆင်ပြေလဲမေးလို့ကျွန်တော်တောင်သရက်အသီးအနံ့အရသာလေး Pizza Maru Myanmar ကဝယ်ပြီးသွားပို့တာ"လို့သူကပြောပါတယ်။

သူ့ကိုမှာတဲ့ Customer ကဗိုက်တအားဆာတယ်လို့ပြောတာကြောင့်စောင့်လက်စအော်ဒါလေးကိုခဏဖယ်ပြီးအမေ့ကိုအပ်မယ့်ပိုက်ဆံလေးနဲ့ကိုချမ်းမြေ့သူတယောက်စက်ဘီးလေးနင်းပြီးအပြေးအလွှားသွားပို့ခဲ့တာပါ။

"ပို့ရမယ့်နေရာရောက်တော့သုံးလွှာပေါ့နော်။ကျွန်တော်ကလဲဘယ်ညာတံခါးမမေးမိတော့အားနာတာနဲ့ရပ်စောင့်ရင်းဖုန်းဆက်တော့ ငါးမိနစ် လောက်စောင့်ပေးပါ လို့ပြောတော့စောင့်နေရတာ"လို့ ကိုချမ်းငြိမ်းသူကဆက်ပြောပါတယ်။

ဓာတ်ပုံ - အဖမ်းမခံရမီ လှေကားရှေ့တွင် ဓာတ်ပုံရိုက်ခဲ့စဉ်

ဒါပေမယ့်ကိုချမ်းငြိမ်းမျှော်လင့်သလို Customer ကတံခါးဖွင့်ပြီးအပြုံးချိုချိုနဲ့ညီလေးမောနေပြီလားလို့မေးခဲ့တာမျိုးဖြစ်မလာခဲ့ပါဘူး။

"မကြာဘူးရဲနဲ့စစ်သားတွေသေနတ်နဲ့ချိန်ပြီးတက်လာတယ်ကျွန်တော်ကလဲပီဇာထုတ်လေးကိုင်ပြီးဘေးကပ်ပေးတာ ပေါ့၊ ကိုယ့်လာဖမ်းတယ်လဲမထင်ဘူးလေ။ကျွန်တော့်ရှေ့လဲရောက်ရောသေနတ်နဲ့အကြာကြီးချိန်ပြီးမင်းကိုဖမ်းဝရမ်းထုတ်ထားလို့ဖမ်းတာဆိုပြီးဖမ်းသွားတာ"လို့ သူကြုံခဲ့ရတဲ့အဖြစ်ကိုဆက်ပြောပါတယ်။

ဒီလိုနဲ့ကိုချမ်းငြိမ်းသူတယောက်သူ့ကိုအော်ဒါမှာယူတဲ့စမ်းချောင်းအောင်မြင့်မိုရ်လမ်းတိုက်တခုကနေစမ်းချောင်းရဲစခန်းအမှတ်၂၄ ကိုရောက်ရှိသွားပါတယ်။

အဲ့ဒီမှာသူ့ကိုဘယ်သူတွေနဲ့အဆက်အစပ်ရှိလဲမေးမြန်းပြီးရိုက်နှက်ပါတော့တယ်။

ဒါပေမယ့်ကိုချမ်းငြိမ်းသူပါးစပ်ကကယ်ပါယူပါလို့အော်ရမယ့်အစားအမေနဲ့ညီမလေးအတွက်ချန်ပြီး ပီဇာဝယ်ခဲ့တဲ့ငွေလေးသုံးသောင်းကိုသာတွင်တွင်တောင်းနေမိတယ်လို့ဆိုပါတယ်။

"အိမ်ကိုလုံးဝမဆက်သွယ်ခိုင်းဘူး။ကျွန်တော်ကအမေ့ကိုပေးမယ့်ပီဇာဖိုးလေးသုံးသောင်းပြန်ပေးပါလို့ပဲတောင်းတယ်။အဲ့ဒါကိုဒီ့ကောင့်ကိုမနက်ဖြန်ထောင်ပို့ရမယ်ဆိုပြီးပဲပြောတယ်"လို့ စမ်းချောင်းစခန်းတွင်းကြုံခဲ့ရတဲ့အခြေအနေကို ကိုချမ်းငြိမ်းသူက MLN ကိုဆက်ပြောပါတယ်။

သူ့ကိုစဖမ်းဆီးခဲ့တာမေလ ၃၀ ရက်နေ့ဖြစ်ပြီး ၃၁ ရက်နေ့မှာတော့သူ့ကို၅၀၅-ကနဲ့အင်းစိန်ထောင်ကြီးကိုပို့ဆောင်လိုက်ပါတော့တယ်။

ဒါပေမယ့်သူတော်ကောင်းကိုနတ်မတယ်လို့ပဲဆိုဆိုမိခင်ကြီးကိုလုပ်ကြွေးခဲ့တဲ့ကုသိုလ်ကြောင့်ပဲပြောပြော ကိုချမ်းငြိမ်းသူတယောက်စမ်းချောင်းအချုပ်ထဲမှာလွတ်မယ့်သူတယောက်ကနေတဆင့်မိခင်ကြီးဆီကိုသူအချုပ်ထဲရောက်နေကြောင်းဆက်သွယ်နိုင်ခဲ့ပါတယ်။

"အမေတို့ကိုအဆက်အသွယ်ရတယ်။ပန်ဒါကအကိုတွေအမတွေရောအဲ့ဒါကိုလာထုတ်တာမရဘူး။အဲ့ဒါနဲ့အင်းစိန်ကိုရောက်တာပေါ့"လို့သူကဆက်ပြောပါတယ်။

အင်းစိန်ထောင်ထဲရောက်ရောက်ချင်းမှာပဲသူတို့လိုနိုင်ငံရေးပုဒ်မတွေနဲ့ရောက်လာတဲ့သူတွေကိုထောင်အာဏာပိုင်တွေကပြင်းပြင်းထန်ထန်နှိပ်ကွပ်နေတာနဲ့ကြုံရပါတော့တယ်။

"တော်တော်ဆိုးပါတယ်၊ နောက်ပိုင်းအဆက်တခုရလို့တော်တော်သက်သာသွားတာကျွန်တော်တို့ကိုဆိုသူတို့ကပိုနှိပ်ကွပ်တာဒီအကြောင်းတွေပြန်တောင်မပြောပြချင်လောက်အောင်ပါပဲ"လို့ သူအင်းစိန်ထောင်မှာဖြတ်သန်းခဲ့ရတဲ့အခြေအနေကိုဆက်ပြောပါတယ်။

ကိုချမ်းငြိမ်းသူဟာဒီလိုနဲ့ထောင်ထဲမှာ ၄ လနဲ့၂၁ရက်တိတိစစ်အာဏာရှင်ပေးတဲ့ ဒုက္ခပေါင်းမြောက်များစွာနဲ့နေထိုင်ခဲ့ရပါတယ်။

သူလွတ်မယ့်ရက်မှာတောင်အတော်ဒုက္ခရောက်ခဲ့တာမျိုးကြုံခဲ့ရတယ်လို့လဲသူကအခုလိုဆက်ပြောပါတယ်။

"လွှတ်မယ့်နေ့ကမလွှတ်ဖူး၊ ရစ်နေတာနာမည်စာရင်းကပါပြီးသား၊ အဲ့ဒါကိုအမေစောင့်နေလို့ပါဗျာ လို့ပြောတော့ မင်းငါတို့အားလုံးကိုကန်တော့ရင်လွှတ်ပေးမယ်ပြောနေလို့ အကုန်လုံးကိုပတ်ကန်တော့ခဲ့ရသေးတယ်"

စစ်ကောင်စီတပ်တွေကအာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူတွေအပါအဝင်တက်ကြွလှုပ်ရှားသူတွေကိုကူညီပေးတဲ့လူငယ်တွေအပါအဝင်အသက်အရွယ်မရွေးလက်ထောက်ချပြီးဖမ်းဆီးတာတွေအွန်လိုင်းကနေတဆင့်ချိတ်ဆက်ပြီးဖျားယောင်းခေါ်ဆောင်ဖမ်းဆီးတာတွေကြိမ်ဖန်များစွာပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ့လိုဖမ်းဆီးမှု့တွေကြောင့်တက်ကြွလှုပ်ရှားသူလူငယ်တွေတော်တော်များများဖမ်းဆီးခံခဲ့ရပါတယ်။

အဲ့ဒီ့ထဲကမှကိုချမ်းငြိမ်းသူလိုအစားအသောက်ပို့ဆောင်သူတယောက်ရဲ့ဖမ်းဆီးခံခဲ့ရပုံကို Myanmar Labour News က Life Story တခုအနေနဲ့ဆက်သွယ်မေးမြန်းဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

(နေရပ်လိပ်စာအပါအဝင်တချို့သောအချက်အလက်များကိုကာယကံရှင်ရဲ့တောင်းဆိုမှု့ကြောင့် Myanmar Labour News မှချန်လှပ်ဖော်ပြထားပါသည်) 
 


Related posts

Cover
"ခက်ခဲတဲ့ မနက်စာ"
Apr 19, 2023
Cover
တစ်သန်းကျော်ထဲက တစ်ဦးဖြစ်တဲ့ မောင်ပိုင်ရဲ့ အိမ်မက် - Story-MLN
Jun 19, 2022
Cover
တော်လှန်ရေးတပ်ဦးဆီကပြည့်သူ့ကာကွယ်ရေးအမျိုးသမီးတပ်သားတဦးရဲ့ပေးစာ
Feb 25, 2022
Cover
အာဏာသိမ်းမှု ၊ အလုပ်အကိုင်နဲ့ ဘဝအမောများကြားက ပန်းရံသမ ဒေါ်ချစ်မွှေး
Feb 15, 2022
Cover
CDM (သို့မဟုတ်)အသိုက်မရှိလဲပျံသန်းနေဆဲငှက်များအကြောင်း
Feb 05, 2022
Cover
အလုပ်လက်မဲ့သတင်းသမားတစ်ဦးနှင့်တွေ့ဆုံခြင်း
Jan 14, 2022
Cover
တောင်သူမှသည်တော်လှန်စစ်ချီမယ့် အမျိုးသမီးပြောက်ကြားစစ်သည်
Dec 03, 2021
Cover
မာယာဒေဝီ ဂေါတမီမှသည် စစ်ကြောရေးရောက် သားသည်မိခင်ဆီသို့
Nov 30, 2021