NEWS

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုအထိ ရည်ရွယ်ကျူးလွန်လာဟုဆို

CoverLogo
834 Views

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အတော်များများမှာ စစ်ကောင်စီရဲ့ အင်တာနက် ဖြတ်တောက်ခံခဲ့ရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူမျိုးတုန်းအောင် ရည်ရွယ် သတ်ဖြတ်မှုတွေ ကျူးလွန်လာကြတယ်လို့ ဒေသခံပြည်သူတွေထံက သိရပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နယ်ခံကျေးရွာတွေကို ဝင်ရောက်ပြီး ‌ရွာလုံးကျွတ်မီးရှို့တာ၊ပြည်သူတွေကို မီးရှို့သတ်ဖြတ်တာ၊ ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးတာ၊ အပြစ်မဲ့ ပြည်သူတွေကို ရိုက်နှက်နှိပ်စက်ပြီး သတ်ဖြတ်တာ၊အလောင်းဖျောက်တာ၊ ပြည်သူကို ဖမ်းဆီးပြီး ဓားစာခံလုပ်ကာ လူသားဒိုင်း အသုံးပြုတာ၊ ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေကို လုယက်ယူငင်တာတွေ အတင်းအဓမ္မလုပ်ဆောင်နေကြပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဟာ ပြင်းပြင်းထန်ထန်ဖြစ်လာတယ်လို့ ပြည်သူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ပညာရေးဝန်ထမ်းတစ်ဦးက"ဒီ အနေအထားကတော့ လူ့အခွင့်အရေးချိုးဖောက်ရုံတင်မကဘူး၊ လူ့အခွင့်အရေးထက် ပိုမိုပြင်းထန်တဲ့ လူသားမျိုးနွယ် တစ်ခု၊ ကျေးရွာတစ်ခုပေါ့နော်၊ လူသားမျိုးနွယ်တစ်ခု ပြုန်းတီးအောင် Genocide လို ပုံစံမျိုး သူတို့ ဖန်တီး လာတာတွေရှိတယ်၊ တကယ့်တကယ် ရွာမှာနေတဲ့ လူငယ်တွေ တော်တော်များများက၊ ကျွန်တော်တို့ ဒေသတွေဆိုလို့ရှိရင် ခေါင်းပါးတယ်ပေါ့နော်၊ ခေါင်းပါးတော့ လက်လုပ်လက်စားပဲ နေကြတဲ့ခါကျတော့ စားဝတ်နေရေး အခက်အခဲတွေ အများကြီးရှိတယ်၊ ဘယ်အပိုင်းမှလည်း မပါဘူး၊ သူတို့ ရိုးရိုးသားသား နေကြတာတွေပေါ့နော်၊ တကယ် ရိုးရိုးသားသားနေပေမယ့် သူတို့လာတဲ့အချိန်အခါမျိုးမှာ တွေ့သွားရင်တော့ ဒီလူတွေဟာ သူတို့က ရန်သူလိုပဲ ဆက်ဆံတယ်၊ သူတို့ စိတ်ကြိုက် နှိပ်စက်တာပေါ့နော်၊ နှိပ်စက်ပြီး သူတို့ မထင်ရင် ဒါ ပစ်သတ်ပြီးတော့ အလောင်းတွေ ဘာတွေ ဖျောက်ထားခဲ့တယ်ပေါ့နော်၊ ဒီလိုမျိုးတွေကတော့ ရွာစဉ် ရွာစဉ်တိုင်းမှာ သူတို့လုပ်နေတဲ့ အနေအထားမျိုးပေါ့၊ အဲ့လိုမျိုး အများဆုံးတွေ့ရပါတယ်ဗျ" လို့ပြောပါတယ်။

စစ်ကောင်စီ တပ်တွေဟာ ကျေးရွာတွေအတွင်း ဝင်ရောက်ပြီး လက်နက်မဲ့ပြည်သူတွေရဲ့ အသက်တွေကို လွယ်လင့်တကူ သတ်ဖြတ်ကြတဲ့အတွက် အသက်ဆုံးရှုံးသွားရသူတွေ အများကြီးရှိနေတယ်လို့ သိရပါတယ်။

စစ်ကြောရေးကနေ ပြန်လာခဲ့တဲ့ လူငယ်တွေအနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းတော့တာတွေရှိတယ်လို့ သိရပါတယ်။ ဒီလို အခြေအနေဆိုးတွေကို အင်တာနက်ဖြတ်တောက်ခံရပြီးနောက်ပိုင်းမှာ ပိုမိုကြုံတွေလာရပြီး လူအခွင့်အရေးချိုးဖောက်မှုဟာ အင်မတန်ကြီးမားလာတယ်လို့ ပြည်သူတွေက ပြစ်တင်ဝေဖန်ကြပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းက ပြည်သူတစ်ဦးက "အဓိကကတော့ စခတွေရဲ့ လူသားကို လူသားလိုဆက်ဆံဖို့လိုတယ်ပေါ့နော်၊ တိုက်ပွဲတစ်ပွဲဖြစ်လို့ ရန်သူကို ရန်သူချင်း ပစ်လို့ တိုက်ပွဲကျသွားတာသည် စစ်ပွဲ သဘောတရားကို ကျွန်တော်တို့ လက်ခံလို့ရတယ်၊ ဒါပေမယ့် ဘာမှမဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ၊ ညှဉ်းဆဲတာ၊နှိပ်စက်တာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒါမျိုးတွေကိုတော့ မလုပ်သင့်ဘူးပေါ့နော်၊ ဒါတွေကိုတော့ အပြင်းထန်ဆုံး ကျွန်တော်တို့ ကန့်ကွက်ရှုတ်ချပါတယ်"လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်နှိပ်စက်မှုတွေကြောင့် ဒဏ်ရာရတဲ့သူတွေကိုတော့ CDM ဆရာဝန်တွေ၊ ဆေးဝါးကျွမ်းကျင်သူတွေ၊ သူနာပြုတွေက နီးစပ်ရာပြည်သူတွေရဲ့ ကူညီမှုတွေနဲ့ ကုသပေးနေရတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ စစ်ကိုင်းတိုင်းအတွင်းရှိ ဝက်လက်မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ ကနီမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ပုလဲမြို့နယ်နှင့်တန့်ဆည်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာများကို ဝင်ရောက်တပ်စွဲကာ အိမ်များမှ တန်ဖိုးရှိပစ္စည်းများကို အတင်းအဓမ္မယူငင်ခြင်း ကျန်ရှိအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ဒေသခံတွေကို မီးရှို့သတ်ဖြတ်ကာ အလောင်းဖျောက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဝန်ကြီးဌာန လူ့အခွင့်အရေးဆိုင်ရာ သတင်းလွှာ အတွဲ ၁ အမှတ် (၇) မှာ ဖော်ပြထားပါတယ်။

ရွာလုံးကျွတ်မီးရှို့ခံလိုက်ရတဲ့ ပြည်သူတွေအနေနဲ့ကတော့ နီးစပ်ရာ ကျေးရွာတွေက ခေါ်ယူ ကူညီထားသလို၊ တောတောင်တွေထဲမှာ ယာယီ ရွက်ဖျင်တဲတွေ၊ မိုးကာတဲတွေ နဲ့ နေထိုင်နေကြရပြီး အမိုးအကာ မလုံလောက်တဲ့ အခြေအနေမှာရှိတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူ တို့ရဲ့ စားသောက်ရေးကိုတော့ နီးစပ်ရာ ပြည်သူအချင်းချင်း ဆန်၊ဆီ၊ အင်္ကျီ အဝတ်အစားက အစ ကူညီထောက်ပံ့ပေးနေကြရတယ်လို့ သိရပါတယ်။
 


Related posts

Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
စစ်မှုထမ်းရန်မဲပေါက်သူတွေ ထွက်ပြေးတိမ်းရှောင်သွားလို့ ကျေးရွာတွေထံငွေကြေးအဓမ္မကောက်ခံဟုဆို
Apr 07, 2024
Cover
ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ
Mar 22, 2024
Cover
စစ်မှုထမ်းရန်ဆင့်ခေါ်စာပေးပို့မှုများကြောင့် သားယောက်ျားလေးရှင်မိဘတွေ စိုးရိမ်သောကရောက်နေရ
Mar 15, 2024
Cover
Facebook account များ ပြန်လည်အသုံးပြုနိုင်
Mar 05, 2024
Cover
Facebook account များအသုံးပြုမရဖြစ်နေ
Mar 05, 2024